ဆီးနှင်းကျဆင်းမှုကြောင့် ဂျပန်တွင် ရထားတစ်စီးပေါ်၌ ခရီးသည် ၄၀၀ ကျော် တစ်ညလုံး ပိတ်မိခဲ့

ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ဂျပန်တွင် ခရီးသည် ၄၀၀ ကျော်မျှ ရထားပေါ်တွင် တစ်ညလုံး ပိတ်မိနေခဲ့ကြောင်း သိရသည်။

ဂျပန်ပင်လယ် ကမ်းခြေအနီးတွင် ဖောက်လုပ်ထားသည့် ရထားလမ်းပေါ်၌ ဆီးနှင်းများ ထူထူထဲထဲ ကျဆင်းခဲ့ပြီး ဆက်လက် ခုတ်မောင်း၍ မရတော့သည့်အတွက် ရထားကို မဖြစ်မနေ ရပ်ထားရန် ဆုံးဖြတ်ခဲ့ရကြောင်း ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ရထားသည် ဇန်နဝါရီ ၁၂ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀း၃၀ နာရီတွင် ပြန်လည် ထွက်ခွာနိုင်ခဲ့သည်။ ရထားပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၄၃၀ ဝန်းကျင်မှာ ၁၅ နာရီကြာအောင် ပိတ်မိပြီး သောင်တင်နေခဲ့ခြင်း ဖြစ်သည်။

ဂျပန် ရထားပို့ဆောင်ရေးဌာန၏ နီဂါတာ ဌာနခွဲမှာ ပြောရေးဆိုခွင့်ရ အရာရှိက တွဲလေးတွဲ ချိတ်ဆက်ထားသည့် ခရီးသည်တင် ရထားသည် ဆီးနှင်းများဖုံးပြီး ရထားဘီးများ ဆက်မရွေ့တော့သဖြင့် လမ်းခုလတ်တွင် ယခုလို ရပ်ခဲ့ရခြင်းဟု ကြေညာခဲ့သည်။

မူလက ခရီးသည်များကို ရထားပေါ်မှ ရွှေ့ပြောင်းပေးရန် စဉ်းစားခဲ့သေးသော်လည်း ရာသီဥတု ဆိုးရွားခြင်းနှင့် မှောင်မိုက်လွန်းခြင်းကြောင့် အန္တရာယ် များလွန်းသည့်အတွက် တစ်ညလုံး ရထားပေါ်တွင် ဆက်ထားရန်သာ တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။ ရထားပေါ်တွင် လျှပ်စစ်မီးရော၊ အနွေးဓာတ်ပုံ လုံလောက်စွာ အထောက်အပံ့ ပေးထားနိုင်သောကြောင့်လည်း ဖြစ်သည်။

သို့သော် ရထားပြန်လည် ထွက်ခွာချိန်တွင်မူ ခရီးသည် ၅ ဦးက ၎င်းတို့ နေထိုင်မကောင်းကြောင်း အရေးဆို စောဒက တက်ခဲ့သည်ဟုလည်း သိရှိရသည်။

Ref: Fox News