ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ကျိုင်းတုံ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်တို့မှ ပါတီဝင်များအား တွေ့ဆုံ

 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်မြေ တာဝန်ခံ ဦးစိုးနိုင်သည် ယနေ့နံနက် ၈း၀၀နာရီအချိန်က ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် နယ်မြေတာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့ က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ကျိုင်းတုံခရိုင်ပါတီဥက္ကဋ္ဌတို့က ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် က ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် မိုင်းဖြတ်မြို့သို့ သွားရောက်ခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ၊ မိုင်းယောင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်မြေ တာဝန်ခံ ဦးစိုးနိုင်က သြဝါဒစကားေ ပြောကြားခဲ့ပြီး မိုင်းဖြတ်နယ်မြေတာဝန်ခံ၊ အရန်ပြည်နယ်ကော်မတီဝင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ဦးအားကိုတို့က လွှတ်တော်ဆိုင်ရာကိစ္စများကို ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းရီတစ်က ပါတီလုပ်ငန်း ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းက ဖြည့်စွက်တင်ပြခဲ့ပြီး မိုင်းယောင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းမှလည်း မြို့နယ်ပါတီလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူလူထုများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

NHW