ကတ်တလန်ဒေသ လွတ်လပ်ရေးရရှိပြီး လာလီဂါ၌ ဘာစီလိုနာအသင်း ကစားခွင့် မရပါက မက်ဆီ အလွတ် ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာမည်

ဇန်န၀ါရီ ၅ ရက်က ဘာစီလိုနာမြို့ရှိ ဆေးရုံမှ ကလေးငယ်များအား မက်ဆီနှင့် ဆွာရက်ဇ် သွားရောက် တွေ့ဆုံအားပေးစဉ် (Photo: AFP)

ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ သည် ကတ်တလန်ဒေသ လွတ်လပ်ရေးရရှိပြီး လာလီဂါပြိုင်ပွဲ၌ ဘာစီလိုနာအသင်း ဆက်လက်ကစားခွင့် မရပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရမည်ဖြစ်ကြောင်း စပိန်အခြေစိုက် El Mundo သတင်းဌာနက ဇန်န၀ါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်း၌ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေမည့် သက်တမ်းတိုး စာချုပ်ကို နိုဝင်ဘာ နောက်ဆုံးပတ်တွင် ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေး တန်ဖိုးမှာ ယူရိုသန်း ၇၀၀ အထိရှိကြောင်း သိရသည်။

သို့သော် El Mundo သတင်းဌာန၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း အနေဖြင့် ကတ်တလန်ဒေသ လွတ်လပ်ရေးကြောင့် လာလီဂါပြိုင်ပွဲ (သို့မဟုတ်) အခြားဥရောပထိပ်တန်းလိဂ်တစ်ခု (ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ လီဂူး)တွင် ဆက်လက်ယှဉ်ပြိုင်ခွင့် မရပါက စာချုပ်လျော်ကြေးမပါဘဲ အလွတ်ထွက်ခွာ ခွင့်ပြုရမည့်အချက် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

စပိန်နိုင်ငံ၏ ဥပဒေအရ ကတ်တလန်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိပါက ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါ ပြိုင်ပွဲ၌ ဆက်လက်ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်ကြောင်း လာလီဂါအဖွဲ့ချုပ်ကလည်း သတိပေးထားသည်။ ဘာစီလိုနာ အသင်းကမူ ယင်းသတင်းအတွက် မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Eleven