ဂျေရုဆလင်တွင် ထရမ့်အမည်ဖြင့် ရထားဘူတာအသစ် တည်ဆောက်ရန် စီစဉ်

ဂျေရုဆလင်မြို့တွင် အသစ်တည်ဆောက်မည့် ရထားဘူတာ တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမည် ဂုဏ်ပြု မှည့်ခေါ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အစ္စရေး သယ်ယူပို့ဆောင်ရေး ဝန်ကြီး ယီစ်ရေးလ်ကတ်ဇ်က ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည့် ထရမ့်ကို ယခုလို ဂုဏ်ပြုရန် စဉ်းစားထားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အစ္စရေး အစိုးရသည် ဂျေရုဆလင် မြို့ဟောင်း၏ အောက်ဘက်တွင် ရထားလမ်း ဥမင်တစ်ခု ဖောက်လုပ်သွားရန် စီစဉ်နေပြီး အနောက်ဘက် နံရံကြီး အနီး၌ ဘူတာတစ်ခုကို ထရမ့်၏အမည် မှည့်ခေါ်ရန် လျာထားခြင်း ဖြစ်သည်။ အနောက်ဘက် နံရံကြီးသည် ဂျေရုဆလင်ရှိ ဂျူးဘာသာရေး၏ အထွဋ်အမြတ် အထားရဆုံး နေရာဟုလည်း ယူဆနိုင်သည်။

အဆိုပါ လျာထား စီမံကိန်းသည် လာမည့်နှစ်တွင် စတင်ဖွင့်လှစ်မည့် မြန်နှုန်းမြင့် ရထားလမ်းပိုင်း၏ အစိတ်အပိုင်း ဖြစ်လာမည်ဟု သိရသည်။ ယင်းရထားလမ်းသည် တဲလ်အဗစ်ဗ်မြို့နှင့် ဆက်သွယ်ထားသည်။

နိုင်ငံတကာနှင့် ကုလသမဂ္ဂက အပြင်းအထန် ကန့်ကွက်မှုများ ရှိထားသည့်တိုင် ထရမ့်က ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် သတ်မှတ်ကာ အမေရိကန် သံရုံးကိုပါ တဲလ်အဗစ်ဗ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့စေမည်ဟု ပြောကြားထားသည်။

ဂျေရုဆလင်မြို့ဟောင်းတွင် အစ္စလာမ်ဘာသာရေးနှင့် ဆက်နွှယ်သည့် အရေးပါသော အထိမ်းအမှတ် နေရာများလည်း ရှိနေရာ ရထားဥမင် ဖောက်လုပ်မည့် အစီအစဉ်ကို ပါလက်စတိုင်း အနွယ်များက ဆန္ဒပြ ကန့်ကွက်ခဲ့ကြသေးသည်။ ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီဖြစ်ပြီး ဂျေရုဆလင်ကို ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု သတ်မှတ်ထားသည့် ယူနက်စကို အဖွဲ့ကလည်း မြို့ဟောင်းတွင် ရထားလမ်း ဖောက်မည့်ကိစ္စ အတွက် စိုးရိမ်ကြောင်း မှတ်ချက်ပေးထားသည်။

ရထားဥမင်သည် မြေအနက် ပေ ၁၇၀ ထိ နိမ့်ဆင်းသွားမည်ဖြစ်ပြီး ဘူတာနှစ်ခု ပါရှိမည်ဟု ဆိုသည်။ ယင်းဘူတာ နှစ်ခုကို မြို့တော်စင်တာနှင့် ဒေါ်နယ်လ်ထရမ့်ဟု အသီးသီး အမည်ပေးရန် စဉ်းစားထားပြီး ထရမ့်အမည်နှင့် ဘူတာသည် မြို့ဟောင်း၏ ကာဒိုဟုခေါ်သော ဂျူးရပ်ကွက်ဘက်တွင် တည်ရှိမည်ဟု သိရသည်။

Ref: Jerusalem Post