အီရတ်နှင့် ဆီးရီးယားမှ လေကြောင်းစစ်ဆင်ရေးများ ရပ်ဆိုင်းတော့မည်ဟု ဩစတြေးလျ ကြေညာ

အီရတ်နှင့် ဆီးရီးယားတို့တွင် အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်း တိုက်ခိုက်မှု ဆင်နွှဲနေသည့် စစ်ဆင်ရေးများ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဩစတြေးလျက ကြေညာခဲ့သည်။

ဩစတြေးလျသည် အမေရိကန် ဦးဆောင်ပြီး အိုင်အက်စ်ကို တိုက်ခိုက်နေသည့် နိုင်ငံတကာ မဟာမိတ် အဖွဲ့တွင် ပူးပေါင်း ပါဝင်လျက် ရှိသည်။ ယခုအခါ အိုင်အက်စ်၏ အင်အား ဆုတ်ယုတ် ပျက်ပြားသွားခြင်းနှင့်အတူ အဆိုပါ စစ်ဆင်ရေးများတွင် ပါဝင်မှု အဆုံးသတ်ရန် ဩစတြေးလျက ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ပူးပေါင်း စစ်ဆင်ရေးများ ဆင်နွှဲရန် ပေးပို့ထားသည့် F/A-18F Super Hornet ဂျက်တိုက်လေယာဉ် ခြောက်စီးကို ပြန်လည် ခေါ်ယူသွားမည် ဖြစ်သည်။ သို့သော် အီရတ် အစိုးရ၏ ပန်ကြားမှုကြောင့် ဆီဖြည့် လေယာဉ်နှင့် ကင်းထောက် လေယာဉ် တစ်စီးကိုမူ ဆက်လက် ထားရှိပေးသွားမည်ဟု ဆိုသည်။

ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီး မာရီဆီ ပိန်းက အိုင်အက်စ်တို့ကို နှစ်နှစ်တာ ပါဝင်တိုက်ခိုက်ခဲ့သည့် လေကြောင်း စစ်ဆင်ရေးများ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် အိုင်အက်စ်များ အပေါ် အောင်ပွဲခံနိုင်ခဲ့ပြီဟု အီရတ် အစိုးရ၏ ကြေညာချက်အပေါ် အခြေတည်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့အပြင် အီရတ်နှင့် အခြားမဟာမိတ် နိုင်ငံများကလည်း ယခုကိစ္စအတွက် ထောက်ခံ အကြံပြုခဲ့ကြသည်ဟု ပိန်းက ဆိုသည်။ အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးများအတွက် ဩစတြေးလျ သည် စစ်သည် ၇၈၀ ထိ ပံ့ပိုး တပ်ဖြန့်ပေးထားသည်။

ပိန်းက အဆိုပါ စစ်ဆင်ရေးများမှာ ခက်ထန် ကြမ်းတမ်းလွန်းလှပြီး မဆုတ်မနစ် တာဝန် ထမ်းဆောင်ပေးသည့် ဩစတြေးလျ စစ်မှုထမ်းများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်က အိုင်အက်စ်တို့အပေါ် အောင်ပွဲခံခဲ့ကြောင်း အီရတ်၏ ကြေညာချက်ကို ကြိုဆိုခဲ့သော်လည်း အဆိုပါ စစ်သွေးကြွ အဖွဲ့၏ တိုက်ခိုက်မှုများ ဆက်ရှိနေနိုင်ဆဲဖြစ်ကြောင်း သတိပေးထားသည်။

Ref: BBC