ဝေါမြို့နယ် တနော်ကျွန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တနော်ကျွန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် ဆိုင်းဘုတ်သစ်တင် အခမ်းအနားကို တနော်ကျွန်းကျေးရွာ ပါတီစည်းရုံးရေးမှူးအသစ် ဦးမင်းညွန့်ဦး၏ နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်းထွန်းနှင့် ပါတီကော်မတီဝင်များ၊ တနော်ကျွန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ဦးမင်းညွန့်ဦးနှင့် ကျေးရွာပါတီဝင်များတက်ရောက်ကြပြီး တနော်ကျွန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်အား ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် ပါတီကော်မတီဝင်များက အမွှေးနံ့သာ ရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယုက အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်တော်တို့ ပါတီမှ မိမိတို့ဒေသရဲ့ လူငယ်များကို လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်း အသက်မွေးဝမ်းကျောင်း ပညာများ အခမဲ့ သင်ကြားပေးနိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကျေးရွာများမှ တက်ရောက်လိုသည့် လူငယ်များရှိပါက ကြိုတင်စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါကြောင်း၊ အခမဲ့မော်တာစက်ချုပ်သင်တန်း များကို ၂ဝ၁၇ ခုနှစ်အတွင်း သုံးကြိမ်ဖွင့်လှစ်ကာ သင်ကြားပေးခဲ့ပြီး မိမိတို့ရဲ့ပါတီအစိုးရလက်ထက်မှာလည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရေး၊ လမ်းတံတား၊ ဒေသလူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် ပရဟိတလုပ်ငန်းများကို ပါတီဝင်များအနေဖြင့် ပိုမိုဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသက်တိုးဝင်းက ၂ဝ၂ဝ ပြည့်နှစ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် ပွင့်လင်းရာသီတွင် ဒေသတွင်းဖွံ့ဖြိုးရေးပရဟိတလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာ အလိုက် စုပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးကာ ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာစွာဖွဲ့စည်းရန် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း