ရှေ့လုပ်ငန်းစဉ် ချမှတ်ညှိနှိုင်းဆွေးနွေးပွဲ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပါတီ၏ရှေ့လုပ်ငန်းစဉ်ချမှတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်က အဖွင့်မိတ်ဆက်စကားပြောကြားပြီးနောက် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်ကော်မတီဝင်များက မိမိတို့နှင့်သက်ဆိုင်သည့် ရေးရာကော်မတီကိစ္စရပ်များအပေါ် ချမှတ်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကျစ်လျစ်ခိုင်မာစွာဖွဲ့စည်းထားနိုင်ရေးတို့ကို အကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီမှ ဆွေးနွေးချက် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အတည်ပြုကြောင်း မြို့နယ် ကော်မတီဝင် ဦးမျိုးဆန်းဝင်းက ဖတ်ကြားတင်ပြခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၄ နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)