ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား

ဘောလခဲ၊ ဒီဇင်ဘာ ( ၁၈) ရက်

ယနေ့ ၁၈ – ၁၂ – ၂၀၁၇ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ဘောလခဲခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။ ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားသွားပါ သည်။
ပါတီဥက္ကဌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်ရခြင်းမှာ ပါတီကြီးအနေဖြင့် ရေရှည်အကျိုးကို မျှော်ပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များအား စဉ်ဆက်မပြတ် မွေးထုတ်နေခြင်းဖြစ်၍ သင်တန်းသူ / သင်တန်းသားများ၏ ပါတီရည်ရွယ်ချက်၊ ရည်မှန်းချက်များကို သင်တန်းမှပို့ချသည့် သခန်းစာ များဖြင့် လက်တွေ့နယ်ပယ်မှာ ပြန်လည် အသုံးပြုနိုင်ရေးအတွက် လေ့လာသင်ယူကြဖို့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ဟာ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းစနစ်ကို ချီတက်လာသည်မှာ (၇) နှစ်တာကာလ အတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ရယူရန်အတွက် ပြည်ထောင်စုအဆင့် NCA အဆင့်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ မြန်မာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှသိရှိပြီး ကနဦးဆောင်ရွက်ပေးခဲ့တာ မိမိတို့ ပါတီအပေါ် ယုံကြည်မှုပိုမိုလာသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ပါတီဝင်လူငယ်မောင်မယ်များ အနေဖြင့် ပကတိလက်ရှိအခြေအနေများကို ရှောင်လွှဲငြင်းပယ်၍မရပဲ တိုင်းပြည်အတွက် ကျရောက်လာနိုင်တဲ့ မည်သည့် အတားအဆီး အနှောက်အယှက်မဆို ကျရာအခန်းကဏ္ဍကနေ ၀ိုင်းဝန်းတားဆီးဖြေရှင်း ရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ပါတီရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြီး အတိတ်ကသင်ခန်းစာများကို အဖြင့်မွေးပြီး အနာဂါတ် ပါတီကြီးကို အစဉ်အမြဲရှင်သန်အောင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ မိမိတို့ ပါတီဥက္ကဌကြီး ဦးသန်းဌေးသည် တစ်နိုင်ငံလုံးသို့ သွားရောက်ပြီး စည်းရုံးရေး ဆောင်ရွက် နေသလို ရောက်ရှိတဲ့ဒေသတိုင်းမှာ ပါတီဝင်ထုရဲ့ ထောက်ခံမှုများစွာ ရရှိနေတာကိုလဲ တွေ့မြင်ရကြောင်း၊ ပါတီဥက္ကဌကြီးရဲ့မိန့်မှာချက်များကို မိမိတို့ရဲ့ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူကျင့်သုံးကြဖို့ အထူးမှာကြားလိုကြောင်း ပြောကြားသွားပါသည်။
ယနေ့ နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်၊ ဖါးဆောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ ပြည်နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဘောလခဲခရိုင်၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/သားများ စုစုပေါင်းအင်အား (၈၀) ကျော် တက်ရောက် ကာ နံနက် (၈း၂၀) နာရီအချိန်တွင် အောင်မြင်စွာပြီးစီးကြောင်း၊ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၆၀) ဦး တက်ရောက်မှာဖြစ်ကြောင်း၊ သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲ အပြီးတွင် ပါတီဥက္ကဌကြီးသည် အခမ်းအနားတက်ရောက်သူများ သင်တန်းသူ/သားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သတင်းရရှိသည်။