မိုးမိတ် – မဘိမ်း – နောင်ချို – မိုးကုတ်လေးမြို့နယ် လူငယ်တွေ့ဆုံပွဲ ကျင်းပ

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ရှမ်းမြောက် မိုးမိတ်၊ မဘိမ်း၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်များ၏ လေးမြို့နယ် လူငယ်တွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် လေးမြို့နယ်လူငယ်များ စုစည်းရောက်ရှိလာကြပြီး နံနက် ၈ နာရီခွဲတွင် အတောင် ၉ဝ ရွှေတိဂုံ ပုံစံတူ မြို့ဦးစေတီတွင် စုပေါင်းလုပ်အား လှူဒါန်းကြသည်။ ၄င်းနောက် နံနက်၁၁နာရီတွင် ပြည်နယ်ပါတီမှ ဘုရားစေတီ တည်ဆောက်ရေးအတွက် အလှူငွေကျပ် တစ်သိန်းပေးအပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။ နံနက် ၁၁နာရီခွဲတွင် လုပ်အားပေးဘုရားတည်ဆောက်ရေးမှ မြို့နယ်ပါတီရုံးသို့ ပြန်လာခဲ့ကြပြီး နေ့လယ်စာ သုံးဆောင်ကြသည်။ လူငယ်တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီအချိန်တွင် စတင် ကျင်းပခဲ့ရာ ခေါင်းစဉ်လေးခုဖြစ်သည့် လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့် ပရဟိတ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်မီဒီယာစသည့် ခေါင်းစဉ်များအလိုက် အဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ု ပြည်နယ် ကော်မတီဝင် ဦးခင်မောင်ချိုနှင့် ပြင်ဦးလွင်ခရိုင်ကော်မတီဝင် ဦးတင်ကိုကိုတို့က အကြံပြုဆွေးနွေးခဲ့ကြပြီး လူငယ်တွေ့ဆုံပွဲမှ တွေ့ရှိချက်များကို ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းခမ်းကော်က အတည်ပြု ကြေညာခဲ့သည်။

ယင်းနောက် ပြည်နယ်ပါတီမှ မြို့နယ်များအား ထောက်ပံ့လှူဒါန်းခဲ့ရာ မိုးမိတ်မြို့နယ်ကို ကျပ်နှစ်သိန်း၊ မဘိမ်း၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်များကို ကျပ်တစ်သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့သည်။ မိုးမိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ‘ ပြည်ခိုင်ဖြိုးလူငယ် ‘ လူငယ် သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဇော်လွင်(မဘိမ်း)