ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား
လွိုင်ကော်၊ ဒီဇင်ဘာ( ၁၃)ရက်
ယနေ့ ၁၃-၁၂-၂၀၁၇ ရက်နေ့ နေ့ခင်း (၂း၃၀) နာရီအချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးရယ်မှ သင်တန်း ဆင်း အမှာစကားပြောကြားသွားပါသည်။ပါတီအတွင်းရေးမှူးမှ မိမိတို့ပါတီဟာ ရေရှည်တည်တံ့နိုင်ရေးကိုမျော်မှန်းပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက် ကြီးမားစွာဖြင့် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/သားများမှလည်း မိမိတို့လေ့လာ သင်ယူမှုများကို မိမိတို့ရဲ့ဒေသများမှာ လက်တွေ့ပြန်လည် အသုံးချဆောင်ရွက်နိုင်မည်လို့ မျှော်မှန်းပါ ကြောင်း၊ အတွင်း/အပြင်စည်းရုံးခြင်း၊ ၀န်းရံသူများဖြင့် စည်းရုံးခြင်းစသော စည်းရုံးရေး မဟာဗျူဟာချမှတ်ကာ ပါတီိရဲ့အန္တိမရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ အောင်နိုင်ရေးကို အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ သင်တန်းက ပို့ချလိုက်တဲ့ ဘာသာရပ်များကို အမြဲမပြတ် လေ့လာရင်းလေ့လာနေရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အရေးဟာ ဘက်ပေါင်းစုံအကျဘက်ရောက်နေတာကို တွေ့မြင်နေရကြောင်း၊ အထူးသဖြင့် စီးပွါးရေးကဏ္ဍမှာ အကျဘက် ရောက်နေပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေရခြင်းကြောင့် အနာဂါတ်နိုင်ငံတော် အတွက် စိုးရိမ်မိပါကြောင်း၊ မီဒီယာမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာရဲ့အခန်းကဏ္ဍဟာ ပါတီအောင်နိုင်ရေးမှာ အဓိကကျတဲ့နေရာမှာရှိတဲ့အတွက် မီဒီယာအသုံးချနိုင်ရေးကို ဆင့်ကဲဆင့်ကဲ လေ့လာသင်ယူစေလိုကြောင်း၊ သင်တန်းဆင်းများဟာ သင်တန်းမှဆွေးနွေးပို့ချ ပေးလိုက်တဲ့ဘာသာရပ်ကို အသုံးချပြီး ပါတီထုနှင ပြည်သူများကို ပိုမိုစည်းရုံးကြပါ နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်နှင့် ပါတီရဲ့ရည်မှန်းချက် ဖြစ်တဲ့ ၂၀၂၀ အောင်နိုင်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသွားပါသည်။
ယင်းနောက် သင်တန်းဆင်းလက်မှတ်ကို ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်မှ သင်တန်းသားများ ကိုယ်စား သင်တန်းသား (ကသ-၃၉) မောင်စိုးနိုင်ထံသို့လည်းကောင်း၊ သင်တန်းသူများကိုယ်စား (ကသ-၂၂) မခင်မြင့်နွယ်ထံသို့လည်းကောင်း သင်တန်းဆင်းလက်မှတ်အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကိုးရယ်မှ သင်တန်းထူးချွန်ဆု ပထမဆုရရှိသူ လွိုင်ကော်မြို့နယ်မှ (ကသ-၂၄) မရတနာအောင်၊ ဒုတိယဆုရရှိသူ လွိုင်ကော်မြို့နယ်မှ (ကသ-၅၃) မောင်မိုးကိုကိုနှင့် တတိယဆုရရှိသူ ဖရူဆိုမြို့နယ်မှ (ကသ-၄၂) မောင်အဲလ်ဘတ်ဝင်းတို့အား ဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် သင်တန်းတစ်ခုလုံးတွင် သင်တန်းစံပြဂုဏ်ပြုဆုရရှိသူ ဖရူဆိုမြို့နယ် (ကသ-၃၆) မောင်ဆောအီ အား ပြည်နယ်ကော်မတီဝင် (သင်တန်းတာဝန်ခံ) ဦးကျော်မြင့်မှ စံပြဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသူ/သားကိုယ်စား သင်တန်းသူ လွိုင်ကော်မြို့နယ်မှ (ကသ-၅) မဌေးကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားပါသည်။ယနေ့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးရယ်၊ ဗဟိုကော်မတီဝင် ဦးကိုးရယ်၊ ပြည်နယ်ကော်မတီဝင် များ၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အသီးသီးမှ ပါတီဥက္ကဌများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/ သားများ စုစုပေါင်း အင်အား (၈၀) ကျော်တက်ရောက်ကာ ညနေ (၃း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက် ကြောင်း၊ သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သား များသည် မြို့နယ်အလိုက် အမှတ်တရဓါတ်ပုံများ စုပေါင်းရိုက်ကြောင်း သတင်းရရှိသည်။