ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုတွင်း ကွင်းဆင်းအစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်းရန်မှာကြား

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် မြို့နယ်ကော်မတီဝင်များပါဝင်သည့်အဖွဲ့ဝင်များသည် ယမန်နေ့က ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာအုပ်စုအတွင်းရှိ အောင်သီရိကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးသိန်းရွှေ နေအိမ်၌ ကျေးရွာအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့သည်။

ယင်းသို့ တွေ့ဆုံခဲ့ရာ၌ အဆိုပါကျေးရွာ၏ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၅ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ နှစ်ခုတို့၌ ရာခိုင်နှုန်း ၉ဝ ကျော်ရရှိခဲ့ပြီး မဲအသာစီးဖြင့် အနိုင်ရရှိခဲ့သည့် ထူးခြားသည့်ရလဒ်ကောင်းများ ရှိခဲ့သည့်အတွက် ယင်းရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းရန် မြို့နယ်ပါတီဥက္ကဋ္ဌမှ ကျေးရွာအတွင်းရှိ ပါတီဝင်များသို့ မှာကြားခဲ့သည်။

တွေ့ဆုံမှု၌ ပါတီအတွင်းရေးမှူး ဦးကျော်ညွန့်က လုပ်ငန်းများဆောင်ရွက်ရာ၌ ဒို့တာဝန် အရေးသုံးပါးအား အလေးထားလုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီဝင် ဦးတင့်လွင်က ပါတီဝင်အင်အား တိုးချဲ့စည်းရုံးနိုင်ရေးကိစ္စရပ်များအပြင် မိမိတို့ကျေးရွာအနေဖြင့် ရရှိထားသည့် အားသာချက် နှင့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာရှိ ပါတီဝင်များ၏ တင်ပြဆွေးနွေးမှုများအား မြို့နယ်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ယင်းသို့ကွင်းဆင်းတွေ့ဆုံ မှာကြားရာသို့ ပုဗ္ဗသီရိမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သပြေစမ်းကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကိုကိုလွင်