မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဆင်း

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယခုလ ၇ ရက် မွန်းလွဲ ၃နာရီတွင် တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား တွင် သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ပြီး နှုတ်မှုစွမ်းရည် ပြိုင်ပွဲတွင် ပထမရရှိသော ဂန့်ဂေါမြို့နယ်မှ ဦးခင်မောင်စန်းအား လည်းကောင်း၊ ဒုတိယရရှိသည့် သရက်မြို့နယ်မှ ဦးကျော်ကျော်အားလည်းကောင်း၊ တတိယရရှိသည့် မြိုင်မြို့နယ်မှ ဦးစန်းလွင်အားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က သင်တန်းဆင်းအမှာ စကားပြောကြား ရာတွင် နိုင်ငံတော်၌ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်ရာတွင် ပြည်သူအများ၊ နိုင်ငံရေးရေချိန်မြင့်မားပြီး ဘက်စုံပြည့်စုံရန်လိုအပ်ကြောင်း၊ ယနေ့သင်တန်းဆင်းခဲ့သူများက ပါတီဝင်များနှင့် ပြည်သူများသို့ ဆင့်ပွား ဆက်လက်ပညာပေးရန် လိုအပ်ပါကြောင်း၊ နောင်တွင်လည်း စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးကြပါရန်နှင့် ပါတီဝင်များ အရည်အသွေးရှိပြီး ပြည်သူများ ဒီမိုကရေစီနိုင်ငံတော်အတွက်၊အမြဲ အဆင်သင့်ဖြစ်နေကြစေရန် မိမိတို့ ကိုယ်တိုင်ကလည်း လေ့ကျင့်ကြိုးစားလျက် ၂ဝ၂ဝ ပါတီစုံရွေး ကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရေး ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။ အခမ်းအနားသို့ သင်တန်းသား သင်တန်းသူ ၆ဝ အပါအဝင် စုစုပေါင်း ၇၅ဦးတက် ရောက်ခဲ့ကြပြီး မွန်းလွဲ ၂နာရီ ၁၅ မိနစ်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဇော်မြင့်(မကွေး)