အာဖဂန်ရှိ တာလီဘန် ဘိန်းချက် ဓာတ်ခွဲခန်းများကို အမေရိကန်လေတပ် ဗုံးကြဲဖျက်ဆီး

အာဖဂန်နစ္စတန်ရှိ ဘိန်းချက်လုပ်ရာ ဓာတ်ခွဲခန်းများကို အမေရိကန် လေတပ်က ဗုံးကြဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အာဖဂန် မြောက်ပိုင်းရှိ ဟယ်လ်မန်ဒေသတွင် လေတပ်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များကို အသုံးပြုကာ ဘိန်းချက်လုပ်သည့် စခန်းများနှင့် ဓာတ်ခွဲခန်းများကို ဖျက်ဆီးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုသည် အမေရိကန်နှင့် အာဖဂန် အစိုးရများ ပူးပေါင်း၍ တာလီဘန် စစ်သွေးကြွများ၏ ဘိန်းထုတ်လုပ်မှုကို ဖြိုခွင်းရန် ပစ်မှတ်ထား ဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။

ဟယ်လ်မန်ရှိ ကာဂျာကီ၊ မူဆာကွာလာနှင့် ဆန်ဂင် ခရိုင်များကို ဖြန့်ကျက်ကာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဆင်နွှဲပြီး ဘိန်းချက်စခန်းများကို ဖျက်ဆီးခဲ့ခြင်းဟု အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့များ၏ ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဂျွန်နစ်ကိုလ်ဆန်က ပြောကြားခဲ့သည်။

အဆိုပါ လေကြောင်း စစ်ဆင်ရေးတွင် အမေရိကန် လေတပ်မှ F-22 Raptor တိုက်လေယာဉ်တစ်စီးနှင့် B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပါဝင်ခဲ့သည်။ ထို့အပြင် အာဖဂန် လေတပ်၏ A-29များကပါ ပံ့ပိုးကူညီခဲ့ပြီး ယူအေအီးနိုင်ငံက လောင်စာဖြည့်တင်းမှုနှင့် အခြား ထောက်ပံ့ရေး ကဏ္ဍအတွက် ပါဝင်ခဲ့ ကြောင်း နစ်ကိုလ်ဆန်က ဆိုသည်။ အမေရိကန် လေတပ်သည် မဟာမိတ် နိုင်ငံများသို့ပင် ရောင်းချပေးခြင်း မရှိသည့် F-22 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကို အာဖဂန်တွင် ပထမဆုံးအကြိမ် စစ်ဆင်ရေး အတွက် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။

ဟယ်လ်မန်ရှိ ဘိန်းချက်စခန်းနှင့် ဓာတ်ခွဲခန်း ၁၀ ခုကို ဖျက်ဆီးခဲ့ရာတွင် ၈ ခုသည် အမေရိကန် လေယာဉ် များ၏ ပစ်ခတ်မှုကြောင့်ဖြစ်ပြီး အာဖဂန် လေတပ်က ၂ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန်၏ ကြေညာချက်တွင် ပါရှိသည်။ အမေရိကန် B-52 ဗုံးကြဲလေယာဉ်များသည် ပစ်မှတ်ပေါ်သို့ ပေါင် ၂၀၀၀ ဗုံးကြီးများကို ကြဲချခဲ့ကြောင်းလည်း သိရသည်။

အမေရိကန် စစ်ဘက်က အာဖဂန်နိုင်ငံ တနံတလျားတွင် အလားတူ ဘိန်းချက်စခန်းနှင့် ဓာတ်ခွဲခန်း ၄၀၀ မှ ၅၀၀ မျှထိ ရှိမည်ဟု ခန့်မှန်းထားသည်။ အာဖဂန်သည် ကမ္ဘာပေါ်တွင် ဘိန်းဖြူထွက်ရှိမှု အများဆုံး နိုင်ငံအဖြစ်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။

  Ref: NBC