အမ်ပီတီက ဖုန်းဘီလ်ပိုဖြတ်ထားပါက သုံးစွဲသူများသို့ ပြန်လည်ဖြည့်ပေးရန် စီစဉ်နေကြောင်း ဝန်ကြီးပြော

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ပိုမိုဖြတ် တောက်ထားသော ဖုန်းအသုံးပြုခများကို သုံးစွဲသူများထံ ပြန်လည်ဖြည့်ပေးရန် စိစစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖုန်းအော်ပရေတာအဖြစ် MPT၊ တယ်လီနော၊ အူရီးဒူးတို့က ဆောင်ရွက်နေပြီး MPT ဖုန်းသုံးစွဲသူများကို အသုံးပြုခ ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေ ၍ သုံးစွဲသူများ၏ တင်ပြချက်များကို စိစစ်နေကြောင်း ဝန်ကြီးကပြောသည်။

‘‘MPT အနေနဲ့ ဖုန်းအသုံး ပြုခ ပိုမိုဖြတ်တောက်နေခြင်းကို စိစစ်တွေ့ရှိပါက မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှာ ကျသင့်ငွေ ထက် ပိုမိုဖြတ်တောက်ထားသော အသုံးပြုခများကို သုံးစွဲသူများထံ သို့ ပြန်လည်ဖြည့်ပေးရန် စိစစ် ဆောင်ရွက်နေပါတယ်’’ဟု ဝန် ကြီးက ပြောသည်။

ဖုန်းအသုံးပြုခ ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စိစစ်အရေးယူ ပေးရန် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်၌ မေး မြန်းရာ ဝန်ကြီးက အထက်ပါအ တိုင်း ပြန်လည်ဖြေကြားခဲ့သည်။ ယခုနှစ်ဆန်းတွင် ဖုန်းဆက် သွယ်အသုံးပြုရာ၌ ကျသင့်ငွေထက် အဆပေါင်းများစွာ ဖြတ်တောက်မှုများ ကြုံတွေ့ရခြင်းကို ဖုန်းကုမ္ပဏီတစ်ခုက စက်ချွတ်ယွင်းမှုကြောင့်ဟု မီဒီယာများတွင် ပြောဆိုသည်ကို တွေ့ရှိ ရကြောင်း ဦးရန်ရှင်းကပြောသည်။

အစိုးရအဖွဲ့သည် လက်ရှိ တွင် မိုဘိုင်းဖုန်းသုံးစွဲသူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသည်။ ထို့အပြင် ပုဂ္ဂလိကဆက် သွယ်ရေးလုပ်ငန်းများဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးကုမ္ပဏီတို့ကို ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနက ယင်းကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်များကို စိစစ်ပြီး ကျသင့်ငွေထက် ပိုမိုဖြတ်တောက်ခြင်း ရှိ၊ မရှိ စိစစ်ဆောင်ရွက်နေကြောင်း ဒေါ်နီလာကျော်က ဆက်လက်ပြောသည်။ တစ်နိုင်ငံလုံး၌ MPT အသုံးပြုသူ ၂၁ သန်းခန့်၊ တယ်လီနော အသုံးပြုသူ ၁၉ သန်းနှင့် အူရီးဒူး အသုံးပြုသူ ကိုးသန်းခန့်ရှိသည်။