ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေကျပ် ၁ဝ သိန်း သွားရောက်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ငွေကျပ်၁ဝသိန်းအား ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

နေပြည်တော်ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် လက်ရှိနားခို လျက်ရှိကြသော တပ်မတော်သား အငြိမ်းစား များနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နားခိုနေထိုင်ကြသည့်အချိန်များ၌ လိုအပ်သော ဝေယျာဝစ္စများတွင် ထည့်ဝင် သုံးစွဲနိုင်ရန် ဥက္ကဋ္ဌဦးသန်းဌေးက မွေးနေ့အထိမ်းအမှတ်အနေဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာ၌ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက အလှူငွေအား လက်ခံခဲ့ကြပြီး ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း တပ်မတော်သားဖြစ်ခဲ့သူတစ်ဦးအနေဖြင့် သက်ကြီးရွယ်အိုစစ်မှု ထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်း ဟောင်းများနှင့် မိသားစုဝင်များကို ယခုကဲ့သို့စောင့်ရှောက်နေကြသည့် မွန်မြတ် လှသော ပရဟိတလုပ်ငန်းကြီး ဖြစ်တည်လာခြင်းအား အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ‘စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာ’ဘိုးဘွားရိပ်သာ၏ အဓွန့်ရှည် တည်မြဲရေးအတွက် အားတက်သရော ဆက်လက် ကူညီ ဝန်းရံလှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသည် စစ်မှုထမ်းဟောင်းဘိုးဘွားများ၊ စစ်မှုထမ်းဆောင်ခြင်းကြောင့် အသက်စွန့်လှူ ကိုယ်လက်အင်္ဂါ စွန့်လှူခဲ့ရသော စစ်မှုထမ်းများနှင့် စစ်မှုထမ်းမိသားစုများ၊ တပ်မတော်နှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်၍ အသက်စွန့်လှူခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် မိသားစုဝင်များအား ကူညီစောင့်ရှောက် ထားသော မွန်မြတ်သည့်ဘိုးဘွားရိပ်သာကြီးအား ယခုကဲ့သို့ ဝိုင်းဝန်းလှူဒါန်းခြင်းများကိုလည်း ဂုဏ်ပြု ဝမ်းမြောက်သည့်အပြင် အလှူထည့် ဝင်လိုသူများရှိပါကလည်း လာရောက် လှူဒါန်းနိုင်ကြကြောင်း ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ရှိသူများက ပြောသည်။