ကမ္ဘာတစ်ဝန်းရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးများ တွေ့ဆုံပွဲနှင့် စီးပွားရေးဖိုရမ် မန္တလေးတွင် ကျင်းပမည်

 

ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးများကို ဖိတ်ခေါ်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး တွေ့ဆုံပွဲနှင့် စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခုကို မန္တလေးမြို့၌ သုံးရက်ကြာ ကျင်းပမည်ဟု မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဒု ဥက္ကဋ္ဌ ဦးစက်တီက ပြောသည်။

ယင်းတွေ့ဆုံပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာ ပြည်ဖွား တရုတ်လူမျိုး ၃၀၀ ကျော်နှင့် ပြည်တွင်းမှ တရုတ်လူမျိုး ၁,၀၀၀ ကျော် တက်ရောက်မည်ဟု ၎င်းက ဆိုသည်။ ‘‘ကမ္ဘာတစ်ဝန်းက မြန်မာ ပြည်ဖွားတရုတ်တွေ လာကြမှာ ဖြစ်ပါတယ်။

တချို့ဆိုရင် မြန်မာပြည်ကနေ ထွက်သွားတာ နှစ် ၆၀ လောက်ရှိနေပြီ။ အခု အသက်(၈၀)လောက်မှ ပြန်လာခွင့်ရတာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းပြပွဲလေးလည်း လုပ်ထားတယ်။ ဟိုတယ် ခရီးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မန္တလေးရဲ့ပုံရိပ်ကို အကောင်းဆုံး ကမ္ဘာကို ပြချင် တယ်’’ဟု   ဦးစက်တီက   ပြောကြားသည်။

တရုတ်-မြန်မာချစ်ကြည်ရေး ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံ၏အရေးပါပုံကို ဖိုရမ်တစ်ခုပြုလုပ်ကာ ဆွေးနွေး မည့် အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ခရီးသွားပြပွဲ တစ်ခုပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။ နိုင်ငံတကာသို့ ရောက်ရှိနေသည့် မြန်မာပြည်ဖွား တရုတ်လူ မျိုးများတွေ့ဆုံပွဲကို ၂၀၀၀ ပြည့်နှစ်က စတင်ကာ ၂ နှစ်တစ်ကြိမ် နိုင်ငံ အလိုက်ကျင်းပခဲ့ပြီး မန္တလေးတွင် ပြုလုပ်မည့် မြန်မာ ပြည်ဖွား တရုတ်လူမျိုးများ တွေ့ဆုံပွဲသည် (၉)ကြိမ်မြောက်ဖြစ်သည်။

ပြီးခဲ့သည့် (၈) ကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး (၇)ကြိမ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ မန္တလေးတွင်   ပြုလုပ်မည့်ပွဲမှာ မြန်မာနိုင်ငံ၌  ဒုတိယ အကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲကို အမေရိကန်၊ တိုင်ပေ၊ မကာအို၊ သြစတြေးလျ၊ တရုတ် စသည့် နိုင်ငံများ၌ ရောက်နေသည့် မြန်မာပြည်ဖွားတရုတ်လူမျိုးများ လာရောက်မည်ဟု ဦးစက်တီက ပြောသည်။