ဥရောပထိပ်သီးအသင်းများတွင် လုပ်ခလစာအများဆုံးပေးချေရမှုအများဆုံး အသင်းအဖြစ် ပီအက်စ်ဂျီ ထိပ်ဆုံး နေရာတွင် ရပ်တည်

 

ပြင်သစ်လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်တွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ဘရာဇီးတိုက်စစ်မှူး နေမာအား ခေါ်ယူခဲ့ပြီးနောက် တစ်နှစ်လျှင် လုပ်ခ လစာစုစုပေါင်း ပေါင်သန်း ၂၇၉ အထိပေးချေရမည်ဖြစ်သည့်အတွက် ဥရောပအသင်းများ အားလုံးတွင် လစာအများဆုံးပေးချေရသည့် အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးရဲလ်၊ ဘာစီလိုနာအသင်း တို့ကိုပါ ကျော်ဖြတ်ခဲ့သည့် ပီအက်စ်ဂျီ အသင်းသည် နေမာတစ်ဦးတည်းကိုပင် တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းကျော် ပေးချေနေခဲ့ရပြီး အခြား ထိပ်တန်း ကစားသမားများဖြစ်သည့် သီယာဂိုဆေးဗားလ်၊ ကာဗာနီ၊ အမ်ဘာပီ တို့ကြောင့် ယခုကဲ့သို့ လုပ်ခလစာ အများဆုံး ပေးချေရသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထွက်ပေါ်လာခဲ့သည့် စစ်တမ်းအရ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးနေရာမှ ရှိနေခဲ့ပြီး ဘာစီလိုနာအသင်းက ပေါင် ၂၆၄ သန်း ကျော်ဖြင့် ဒုတိယ၊ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက ပေါင် ၂၆၄ ဖြင့် တတိယနေရာများတွင် အသီးသီးရပ်တည်နိုင်ခဲ့ ပြီး ၎င်းတို့၏နောက်တွင် ချယ်ဆီး၊ မန်စီးတီး၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ လီဗာပူး၊ ဂျူဗင်တပ်အသင်းများက အစဉ်လိုက်ရပ်တည်လျက် ရှိသည်။

အဆိုပါစစ်တမ်းတွင် လစာငွေပေးချေရမှုအများဆုံး အသင်းများထဲ၌ ပရီးမီးယားလိဂ်ကလပ် ၅သင်းအထိ အများဆုံးအဖြစ် ပါဝင်ခဲ့ကာ စပိန်လာလီဂါမှ ၂သင်း၊ ပြင်သစ်လီဂူး၊ အီတလီစီးရီးအေ၊ ဂျာမနီဘွန်ဒက်စ်လီဂါတို့မှာ တစ်သင်းစီ ပါဝင်ခဲ့ကြခြင်းလည်း ဖြစ်သည်။   

 -Ref; Sky sports