အိန္ဒိယနှင့်ပွဲ၌ ခြေစစ်ပွဲအောင်ရန် လိုအပ်သည့်အမှတ်ရမည်ဟု မြန်မာနည်းပြ ယုံကြည်

အာရှဖလားခြေစစ်ပွဲ၌ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်မည့် အဝေးကွင်းပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင် ရန် လိုအပ်သည့် အမှတ်ရမည်ဟု ယုံကြည် ကြောင်း နည်းပြချုပ်ဂတ်ဖရိုင်းဒ ရစ်က ပြောသည်။

၂၀၁၉ အာရှဖလားခြေစစ် ပွဲ အုပ်စု(က) ပွဲစဉ်(၅)အဖြစ် အိန္ဒိယနှင့်မြန်မာအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၁၄ ရက်(ယနေ့) မြန်မာစံတော်ချိန် ည ၉ နာရီ၌ အိန္ဒိယနိုင်ငံ ဂိုအာမြို့ရှိ Jawah-arlal Nehru ကွင်း၌ ယှဉ်ပြိုင်မည် ဖြစ်သည်။
‘‘အိန္ဒိယအသင်းဟာ ခံစစ် ကစားပုံကောင်းတဲ့ အသင်းတစ် သင်းပါ။ ပထမအကျော့တုန်းက ကံမကောင်းစွာနဲ့ နောက်ဆုံးမိနစ် ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ မနက်ဖြန် ကစားမယ့်ပွဲမှာ ခြေစစ်ပွဲအောင်ဖို့ လိုအပ်နေတဲ့ အမှတ်တွေ ရမယ်လို့ ယုံကြည်ပါတယ်’’ ဟု နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂတ်ဖရိုင်းဒရစ်က ပြောသည်။  ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်သည့် ခြေစစ်ပွဲ ပထမအကျော့၌ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ထားသည်။

မြန်မာအသင်းသည် အာရှ ဖလားခြေစစ်ပွဲ သုံးပွဲကစားအပြီး ရမှတ်လေးမှတ်သာ ရရှိထား၍ အိန္ဒိယအသင်းနှင့် ပွဲစဉ်၌ ရလဒ်ကောင်းမှသာ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်မည်ဖြစ် သည်။

‘‘မြန်မာအသင်းအနေနဲ့ အာရှဖလားကစားခွင့်မရတာ နှစ် ၅၀ ရှိပါပြီ။ လက်ကျန်ပွဲတွေမှာအနိုင် ကစားပြီး အာရှဖလားခြေစစ်ပွဲ အောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်’’ ဟု မြန်မာအသင်း ခေါင်းဆောင် ရန်အောင်ကျော်က ပြော သည်။

ခြေစစ်ပွဲ အုပ်စု(က) အခြားပွဲအဖြစ် မကာအိုနှင့်ကာဂျစ္စတန် အသင်းတို့ နိုဝင်ဘာ ၁၄ ရက်တွင် မကာအို၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှဖလားတတိယအဆင့် ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယ အသင်းက လေးပွဲကစား၊ လေးပွဲ နိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် လက်ကျန်နှစ်ပွဲကျန်ရှိသော်လည်း ခြေစစ်ပွဲအောင်မြင် ပြီးဖြစ်သည်။ မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့ သည် သုံးပွဲကစား ရမှတ်လေးမှတ်စီ တူညီနေသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ကာဂျစ္စတန်က ဒုတိယ၊ မြန်မာက တတိယနေရာ၌ ရပ်တည်နေသည်။

အိန္ဒိယနှင့် မြန်မာအသင်းပွဲကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

(7days)