လာမည့်နှစ်တွင် Apple က iPhone X ပုံစံ ထုတ်ကုန်သစ်သုံးမျိုး မိတ်ဆက်မည်ဟုဆို

၂၀၁၇ ခုနှစ်အတွက် iPhone တွေကို Apple က မိတ်ဆက်ခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာတွေ့မြင်ရမယ့် ထုတ်ကုန်သစ်တွေရဲ့ ကောလာဟလ သတင်းတွေက စတင်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီသတင်းတွေဟာ KGI Securities ရဲ့ Ming-Chi Kuo ဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး လာမယ့်နှစ်မှာတွေ့မြင်ရဖွယ်ရှိတဲ့ Apple စမတ်ဖုန်းတွေရဲ့အကြောင်းကို အစီရင်ခံစာနဲ့တကွ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လာမယ့်နှစ်မှာထွက်ရှိမယ့် iPhone တွေမှာ iPhone X ဒီဇိုင်းပုံစံအတိုင်း bezel-less screen နဲ့ notch တို့ ဆက်လက်ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် 2018 iPhone တွေဟာ ဒီဇိုင်းပိုင်း တူညီမှာဖြစ်သလို fingerprint sensor မပါတာရော၊ အရှေ့ဘက်မှာ TrueDepth ကင်မရာစနစ် သုံးထား တာတွေပါ တူညီမှာ ဖြစ်ပါတယ်။

မော်ဒယ်နှစ်မျိုးမှာ OLED panel တွေကိုအသုံးပြုထားပြီး အရွယ်အစားက iPhone X အတိုင်း တူညီတယ်လို့ Kuo က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရွယ်ခပ်ကြီးကြီး ကြိုက်သူတွေအတွက် iPhone X ထက် resolution မြင့်မားတဲ့ ၆.၅ လက်မ iPhone ကိုလည်း တွေ့မြင်ရမယ်လို့ ဆိုပါတယ်။

LCD screen ပါဝင်တဲ့ ၆.၁ လက်မ iPhone က Apple ရဲ့ entry-level စမတ်ဖုန်း ဖြစ်လာပြီး တန်ဖိုးက ၆၄၉ ဒေါ်လာကနေ ၇၄၉ ဒေါ်လာအထိ ကျသင့်နိုင်တယ်လို့ Kuo က ပြောကြားခဲ့ပါတယ်။ အဲ့ဒီ display က resolution နိမ့်တာကြောင့် ကျန်မော်ဒယ်နှစ်မျိုးထက် pixel သိပ်သည်းဆ နည်းပါးမှာ ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို ကျန်မော်ဒယ်နှစ်မျိုးထက် ဈေးသက်သာအောင်ပြုလုပ်ဖို့ ရည်ရွယ်ထားတာကြောင့် ဖုန်းရဲ့ အတွင်းပိုင်းမှာလည်း ကွဲပြားသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena