မိုဘိုင်းဂိမ်းများကို အကန့်အသတ်မရှိ ရယူနိုင်မယ့် APPBOX App ကို MPT မိတ်ဆက်

နေ့စဉ်ကြေး ၂၅ဝ ကျပ်နဲ့ မိုဘိုင်းဂိမ်းတွေကို အကန့်အသတ်မရှိ ရယူနိုင်မယ့် APPBOX Application ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ယနေ့မိတ်ဆက် လိုက်ပါတယ်။ ဂိမ်းစတိုး Application တစ်ခုဖြစ်တဲ့ APPBOX Application ကို MPT ဆင်းမ်ကတ် သုံးဆွဲသူတွေ အနေနဲ့သာ ထည့်သွင်း ကစားနိုင်မှာဖြစ်ပြီး Android စနစ်သုံး ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

“ဂိမ်းဝါသနာရှင်တွေအနေနဲ့ အခုမိတ်ဆက်လိုက်တဲ့ APPBOX ကနေ မိုဘိုင်းဖုန်းနဲ့ ဆော့ကစားနိုင်တဲ့ ဂိမ်း အများအပြားကို အကန့်အသတ်မရှိ ရယူကစားနိုင်ပါပြီ။ ဒီ Application ကို မိတ်ဆက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ MPT ကို အသုံးပြုသူတွေအတွက် သင့်တင့်တဲ့ နှုန်းထားနဲ့ ဖျော်ဖြေရေး ဂိမ်းအတွေ့အကြုံတွေကို ပေးချင်လို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဂိမ်းတွေရဲ့ လောကကို လှုပ်ခတ်သွား စေမယ့် ဒီ Application သစ်ကို ဂိမ်းဝါသနာရှင်တွေ အသုံးပြုလာ ကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်” ဟု MPT-KSGM Joint Operation ရဲ့ Chief Commercial Officer Mr. Reizo Umeda က ပြောပါတယ်။

APPBOX Application ကို ဇော်ဂျီမြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် အဓိကဖန်တီးထားပြီး စတင် မိတ်ဆက်ခြင်း အထူးအစီအစဉ်အဖြစ် အသုံးပြုခပေး ဆောင်စရာမလိုဘဲ ရက်သတ္တပတ် တစ်ပတ်ကို အခဲမဲ့ သုံးစွဲနိုင် မှာဖြစ်ပါတယ်။ အခမဲ့အသုံးပြုခွင့်ကာလ ပြီးဆုံးပါက ငွေပေးချေတဲ့ (Post-paid) အစီအစဉ်ဖြင့် အသုံးပြုမှုအတွက် နေ့စဉ်မက်ဆေ့ခ်ျ ပေးပို့ကောက်ခံ သွားမှာဖြစ်တယ် လို့သိရပါတယ်။ APPBOX သုံးစွဲသူတွေအနေနဲ့ အွန်လိုင်း၊ Offline ကစားနိုင်တဲ့ ဂိမ်းပေါင်း ၂ဝဝ ကျော်ကို ၂၅ဝ ကျပ်နေ့စဉ်ပေးသွင်းကာ ရယူကစားနိုင်မှာဖြစ်ပြီး ဂိမ်းထဲက ပေးချေစရာတွေကို ထပ်မံပေးစရာမလိုဘဲ ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ Action, Arcade, Casual, Puzzle, Sport ကဏ္ဍအလိုက် ဂိမ်းတွေကို ဆော့ကစားနိုင်မှာဖြစ်ပြီး လစဉ် ထပ်မံမိတ်ဆက်တဲ့ ဂိမ်းအသစ်တွေကိုလည်းရယူကစားနိုင်မှာဖြစ်ပါတယ်။ APPBOX Application ကို Google PlayStore ကနေ အခမဲ့ Dwonload ပြုလုပ်နိုင်မှာဖြစ်ပြီး Android OS 4.2 နဲ့ အထက်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း