ကန် နဲ့ တရုတ် ပူးပေါင်းဖို့ ထရမ့် လိုလား

အမေရိကန်သမ္မတ ထရမ့်က တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ မနေ့က တွေ့ဆုံပွဲအပြီးမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ လက်တွဲပူးပေါင်းမယ်ဆိုရင် ကမ္ဘာပေါ်ကပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

၂ နိုင်ငံကုန်သွယ်ရေး မမျှမတဖြစ်နေတာနဲ့ ပတ်သက်လို့တော့ အတိတ်က လုပ်ဆောင်ခဲ့တာတွေအတွက် တရုတ်ပြည်ကို အပြစ်တင်မနေတော့ပါဘူးလို့ ပြောကြားရင်း မြန်မြန်ဆန်ဆန် ပြင်ဆင်လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့ ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးမှာ တရုတ်ပြည်က ဒေါ်လာ ၂၂၃ ဘီလီယံ ပိုငွေပြနေပါတယ်။

တရုတ်သမ္မတ ရှီဂျင်းပင်ကလည်း နိုင်ငံခြားကုမ္ပဏီတွေ တရုတ်ပြည်မှာ လာရောက်မြုပ်နှံဖို့အတွက် ပိုမိုလွယ်ကူအောင် ဈေးကွက်တွေဖွင့်ပေးမယ်လို့ ကတိပြုပြောကြားပါတယ်။ တရုတ်နဲ့ အမေရိကန်အကြား ဒေါ်လာ ဘီလီယံ ၂၅ဝ ခန့်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းဝယ်ယူရေးစာချုပ်တွေ မနေ့က ချုပ်ဆိုခဲ့ပါတယ်။

(RFA)