အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရပါက မိုင် ၄၀ကျော် လမ်းလျှောက်မည်ဟု မက်ဆီပြောကြား

၂၀၁၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းရမည် ဆိုပါက မွေးရပ်မြို့ ရိုဆာရီယိုမှ မိုင် ၄၀ ကျော် ကွာဝေးသော ဆန်နီကိုးလာ့စ်မြို့သို့ ခြေကျင်လျှောက် သွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပြောကြားသည်။

မော်စကိုတွင် ရုရှား၊ နိုင်ဂျီးရီးယားတို့နှင့် ခြေစမ်းပွဲမပြိုင်မီ လာမည့်နွေရာသီ၌  ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဖလားရပါက ရိုဆာရီယိုမှ ဆန်နီကိုးလာ့စ်သို့ ခြေကျင်ဘုရားဖူးသွားသူများနှင့်အတူ လိုက်ပါ လမ်းလျှောက်မည်ဟု မက်ဆီက ပြောသည်။

ယင်းဘုရားပွဲကို အာဂျင်တီးနားတွင် နှစ်စဉ်ကျင်းပပြီး ၄၃ မိုင် ဝေးသော ခရီးကို ခြေကျင်ခရီးနှင်ကာ ဘုရားဖူးသွားကြသည်။

၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားတွင် ဒုတိယရခဲ့ပြီး နိုင်ငံတကာအဆင့်၌ အဓိကဖလားတစ်လုံးမျှ မရဖူးသော အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ (၃၀) နှစ်အနေဖြင့် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲသည် နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်ဖွယ်ရှိသည်။

ထို့အပြင် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဝင်ခွင့်ရရန် အီကွေဒေါဘက်သို့ ဟက်ထရစ်ဂိုးသွင်းပြီး သေချာ စေခဲ့သော မက်ဆီက TyC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း စပိန်အသင်းနှင့် ရင်မဆိုင်လိုဟု ပြော သည်။ ဘာစီလိုနာအသင်းဖော်များစွာ ပါဝင်သော စပိန်အသင်း၏ ကစားပုံကြောင့် ရင်မဆိုင်လိုခြင်း ဖြစ်သည် ဟု မက်ဆီက ပြောသည်။

စပိန်သည် ခက်ခဲသော ပြိုင်ဘက်ဖြစ်ပြီး စပိန်၊ ဘရာဇီး၊ ဂျာမနီ၊ ပြင်သစ်တို့သည် ကမ္ဘာ့ဖလားအတွက် ရေပန်း စားနေသော အသင်းများဖြစ်ကာ ယင်းအသင်းများသည် အကောင်းဆုံး ပုံစံရှိနေသည်ဟု ၎င်းက ပြောသည်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုကလည်း မက်ဆီ၏ ကမ္ဘာ့ဖလား အိပ်မက်ကို ထောက်ခံပြီး ၎င်းလည်း လမ်းလျှောက်မည်ဟု ပြောသည်။

—Ref:Sport-English