Twitter တွင် စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်ပြီ

စက်တင်ဘာလက ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် သုံးစွဲသူအားလုံး အတွက် စာလုံးရေ ကန့်သတ်ချက် ၁၄၀ ကို နှစ်ဆတိုးမြှင့် လိုက်ပြီဖြစ်တယ်လို့ Twitter က ကြေညာလိုက် ပါတယ်။

“ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေကြုံတွေ့ခဲ့ရတဲ့ ပြဿနာကို စောင့်ကြည့်နားထောင်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အရေးကိစ္စတွေကို လေ့လာပြီးတဲ့နောက် ဒီအပြောင်းအလဲကို ကျွန်တော်တို့ စတင်လိုက် ပါတယ်” လို့ Twitter ထုတ်ကုန်မန်နေဂျာ Aliza Rosen က ပြောကြားခဲ့ပါတယ်။

စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်မယ့် feature ကို Twitter သုံးစွဲသူအများစုက အလိုအလျောက် တွေ့မြင် ရမှာဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီ feature မရသေးဘူးဆိုရင် mobile app ကို update လုပ်နိုင်သလို ကွန်ပျူတာပေါ်မှာလည်း twitter.com ကို refresh လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်စကား၊ ကိုရီးယား စကားနဲ့ တရုတ်စကားကိုသုံးပြီး tweet လုပ်သူများကတော့ အခုအချိန်မှာ စာလုံးရေ ၁၄၀ နဲ့သာ အသုံးပြု နိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNET