M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပွဲတွင် မြန်မာအသင်း ထိုင်း၊ ဗီယက်နမ်တို့နှင့် တွေ့ဆုံ

ထိုင်းနိုင်ငံမှာကျင်းပမယ့် M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ ယူ-၂၃ အသင်းက ထိုင်း၊ ဗီယက်နမ် အသင်းတွေနဲ့ အုပ်စုဘီမှာ တွေ့ဆုံနေပါတယ်။

မြန်မာအသင်းက လာမယ့် ဒီဇင်ဘာ ၁၁ ရက်မှာ ဗီယက်နမ် ယူ-၂၃ အသင်းနဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်မှာ အိမ်ရှင် ထိုင်း ယူ-၂၃ နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။

တဖက်အုပ်စု အေမှာတော့ အာရှထိပ်သီး ဂျပန်ယူ-၂၃၊ မြောက်ကိုရီးယား ယူ-၂၃ နဲ့ ဥဇဘက်ကစ္စတန် ယူ-၂၃ အသင်းတို့ တအုပ်စုတည်း တွေ့ဆုံပါတယ်။

မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် လက်ရွေးစင်နည်းပြ ဂတ်ဆီဇီကပဲ တာဝန်ယူ ကိုင်တွယ်မှာဖြစ်ပြီး မလေးရှားဆီးဂိမ်းမှာ ဝင်ပြိုင်ခဲ့တဲ့ ကစားသမားအများစု ပြန်လည်ရွေးချယ်ထားပါတယ်။

ဒီပြိုင်ပွဲမှာ အုပ်စုပထမအသင်းတွေက ဒီဇင်ဘာ ၁၅ ရက်မှာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အုပ်စုဒုတိယနှစ်သင်းက တတိယလုပွဲ ကစားရမှာပါ။

ဒီပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းက ဆုကြေး အမေရိကန်ဒေါ်လာနှစ်သောင်း ရရှိမှာဖြစ်ပါတယ်။

M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲဟာ အာရှယူ-၂၃ ပြိုင်ပွဲအကြို ခြေစမ်းတာဖြစ်ပြီး မြန်မာယူ-၂၃ အသင်းကတော့ အာရှခြေစစ်ပွဲ မအောင်မြင်ခဲ့ပေမယ့် ထိုင်းဘောလုံးအဖွဲ့ချုပ်က လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

(DVB)