မြေထဲပင်လယ်တွင် ဆယ်ကျော်သက် မိန်းကလေး ၂၆ ဦး၏ အလောင်းများ ရှာတွေ့မှု အီတလီ စုံစမ်းနေ

ကယ်ဆယ်ရေး အဖွဲ့များက အလောင်းထည့်မည့် အခေါင်းတစ်ခုကို ပြင်ဆင်နေစဉ်

ပင်လယ်ပြင်တွင် ရှာတွေ့ခဲ့သည့် အာဖရိကန် ဆယ်ကျော်သက် မိန်းကလေး ၂၆ ဦး၏ အလောင်းများနှင့် ပတ်သက်၍ အီတလီ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်နေကြောင်း သိရသည်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားမျှသာ ရှိသေးသည်ဟု ယူဆရသည့် မိန်းကလေးများ၏ အလောင်းများကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြေထဲပင်လယ်အတွင်း ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အားလုံးသည် နိုက်ဂျားနှင့် နိုက်ဂျီးရီးယား နိုင်ငံများမှ ဥရောပသို့ ပြောင်းရွှေ့ အခြေချရန် ကြိုးစားခဲ့သည့် ဒုက္ခသည် အုပ်စုဝင်များဟု ယုံကြည်ရသည်။

သို့သော် မိန်းကလေးငယ် အများအပြား သေဆုံးနေသည့် ကိစ္စမှာ သံသယဝင်စရာ ဖြစ်နေပြီး ၎င်းတို့သည် သတ်ဖြတ်ခြင်း ခံရခြင်း ဟုတ်မဟုတ် သေမှုသေခင်း စစ်ဆေးနေပြီ ဖြစ်သည်။

ဆီလာနို ရဲတပ်ဖွဲ့ အကြီးအကဲ လိုရန်နာ ကီကော့တီက မိန်းကလေးများ အနေဖြင့် နှိပ်စက်ညှင်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ခံထားရခြင်း ရှိမရှိ ရင်ခွဲစစ်ဆေး အဖြေရှာမှုများ ပြုလုပ်မည်ဟု ကြေညာသည်။

၎င်းတို့၏ အလောင်းများကို ဟောင်းနွမ်း ယိုယွင်းနေသည့် ရော်ဘာ လှေတစ်စီးပေါ်တွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေး အဖွဲ့များ ရောက်သွားချိန်တွင် လှေမှာ နစ်မြုပ်လုနီးပါး အခြေအနေ ဆိုးရွားလျက်ရှိသည်။

အလောင်းများကို စပိန်သင်္ဘော တစ်စီးဖြင့် ဆီလာနိုသို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အီတလီ ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ဆက်စပ်၍ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားသည်။ အီဂျစ်နိုင်ငံသား တစ်ဦးနှင့် လစ်ဗျားနိုင်ငံသား တစ်ဦးတို့သည် ရွှေ့ပြောင်းဒုက္ခသည်များကို တရားမဝင် ခိုးသွင်းပေးနေသည့် ကွန်ရက်များနှင့် ဆက်စပ်မှု ရှိသည်ဟု ယုံကြည်ရကြောင်း ကီကော့တီက မှတ်ချက်ပေးခဲ့သည်။

မြေထဲပင်လယ်တွင် ဒုက္ခသည်များ တင်ဆောင်လာသည့် လှေနစ်မြုပ်မှုများနှင့် ဆက်စပ်ပြီး လွန်ခဲ့သော တစ်ပတ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို လေးနေရာထိ ဖြန့်ကျက် ဆောင်ရွက်ခဲ့ရာ စပိန်သင်္ဘော Cantabria တစ်စီးတည်းက လူပေါင်း ၄၀၀ မျှကို ဆယ်လာနိုသို့ ကယ်ဆယ် ခေါ်ယူလာနိုင်ခဲ့ကြောင်း သိရသည်။

Ref: Guardian