ဘက်ထရီမပါဝင်တဲ့ လျှပ်စစ် supercar ကိုဖန်တီးဖို့ Lamborghini နဲ့ MIT ပူးပေါင်း

Lamborghini ဟာ ဘက်ထရီမပါဝင်တဲ့ လျှပ်စစ် supercar သစ်ကို ထုတ်လုပ်ဖို့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) ကအင်ဂျင်နီယာတွေနဲ့ တွဲဖက်ဖန်တီးနေပါတယ်။ ဘက်ထရီမပါဘဲ စမ်းသပ်နေတဲ့ Lamborghini Terzo Millennio လို့အမည်ရတဲ့ concept ကားဟာ exotic carbon nanotubes နဲ့ဖန်တီးထားတဲ့အတွက် စွမ်းအင် ဖြည့်တင်းနိုင်တဲ့ supercapacitor အဖြစ် အလုပ်လုပ်နိုင်ပါတယ်။

ကားမှာ ဘက်ထရီတွေ တပ်ဆင်အသုံးပြုတာနဲ့ Supercapacitors ကနေ စွမ်းအင်သိုလှောင်ပြီး ဖြန့်ချိတဲ့ အပိုင်း ကွာခြားမှုရှိသလို အားသာချက်တွေ၊ အားနည်းချက်တွေလည်းရှိပါတယ်။ ဘက်ထရီမပါဝင်တဲ့ လျှပ်စစ် ကားကို ဖန်တီးဖို့ MIT ကသိပ္ပံပညာရှင်တွေနဲ့ Lamborghini မကြိုးစားခင်ကတည်းက ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကြိုးစားမှုက တန်ဖိုးရှိတယ်လို့ Lamborghini ရဲ့သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ မော်ရီစီယိုရီဂျီရာနီက ပြောခဲ့သလို လက်ရှိအနေအထားကို ကျွန်တော်တို့ အကောင်းမြင်ပါတယ် လို့လည်းဆိုခဲ့ပါတယ်။

Lamborghini Terzo Millennio မှာ အကောင်းဆုံးဘက်ထရီကိုပင် အသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီဘက်ထရီတွေဟာ အလွန်ကြီးမားပါတယ်။ တကယ်လို့ ဘက်ထရီအသေးစား အသုံးပြုမယ် ဆိုရင်လည်း ခဏလေးနဲ့ အားကုန်သွားပြီး အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရရှိမှာ မဟုတ်ဘူးလို့ မော်ရီစီယို ရီဂျီရာနီက ပြောခဲ့ပါတယ်။ Supercapacitors ကို ကာဗွန်ကနေ ပြုလုပ်ထားပြီး ကားရဲ့လိုအပ်ချက် အပေါ် မူတည်ပြီး body panel တွေထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ကားရဲ့ အလေးချိန်နဲ့ ဒီဇိုင်းကို ကန့်သတ် နိုင်ပါတယ်။

Supercapacitors တွေဟာ စွမ်းဆောင်ရည်မြင့်ကားတွေအတွက် အထောက်အကူဖြစ်ပြီး စွမ်းအင်ဖြန့်ချိရာမှာ ဘက်ထရီတွေထက် မြန်ဆန်ပါတယ်။ ဘက်ထရီတွေက အပူချိန်တက်လာရင် စွမ်းဆောင်ရည် မတည်ငြိမ် ပါဘူး။ အမောင်းကြမ်းတဲ့ ယာဉ်မောင်းတွေနဲ့ ကြုံရင် လျှပ်စစ်ကားတွေက စွမ်းအင်ကုန်မြန်ပါတယ်။

Supercapacitors တွေရဲ့ အားနည်းချက်တချို့က စွမ်းအင်အများအပြားကို သိုလှောင် မထားနိုင်ပါဘူး။ ယနေ့ခေတ်မှာ ဓာတ်ဆီ အင်ဂျင်တွေကို လျင်လျင်မြန်မြန် ပြန်နှိုးနိုင်ဖို့ စွမ်းအင်ပေါက်ကွဲမှုလေးတွေအတွက် supercapacitors ကိုအသုံးပြုနေကြပါတယ်။ Supercapacitors မှာ စွမ်းအင်များစွာ သိုလှောင်ဖို့ ပြုလုပ်တာ ဟာ သိပ္ပံပညာရှင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ Lamborghini အကြီးအကဲ က ပြောခဲ့ပါတယ်။

စိုးထက် Ref: CNNMoney