အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ နိုင်ငံရေးလောကထဲ ပြန်ဝင်လာဖွယ်ရှိနေ
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီသည် ယခုအခါ နိုင်ငံရေး လောကထဲ တကျော့ပြန် ဝင်ရောက်ရန် ပြင်ဆင်နေပြီဟု သိရသည်။
ဆစ္စလီကျွန်းတွင် ၎င်းထောက်ခံသည့် ညွန့်ပေါင်းပါတီ အသိုက်အဝန်းတစ်ခု ဒေသခံ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ဘာလူစကိုနီ အနေဖြင့် အီတလီ နိုင်ငံရေးတွင် ပြန်လည် ခြေချလာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။
ဒေသတွင်း ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းက အသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုလက်ယာယိမ်း မဟာမိတ် အင်အားစုအတွက်လည်း တွန်းအားတစ်ခု ဖြစ်လာစေခဲ့သည်။
ဆစ္စလီကျွန်း၏ ဒေသတွင်း ရွေးကောက်ပွဲသည် လာမည့်နှစ်တွင် ကျင်းပမည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲအကြို အရေးပါသည့် စမ်းသပ်မှု တစ်ခုအဖြစ်လည်း အီတလီ နိုင်ငံရေး အသိုက်အဝန်းက ရှုမြင်ကြသည်။
အသက် ၈၁ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး ဘာလူစကိုနီသည် အစိုးရ အဖွဲ့တွင်းနှင့် ပြင်ပ လူနေမှုဘဝ အရှုပ်အထွေးများကြောင့် နိုင်ငံရေး နယ်ပယ်နှင့် ကင်းကွာနေရသူ ဖြစ်သည်။ ၎င်းသည် ယခင်က အီတလီ ဝန်ကြီးချုပ် ရာထူးကို သက်တမ်းလေးကြိမ် တာဝန်ထမ်းဆောင်ဖူးသည်။
လွန်ခဲ့သည့် လေးနှစ်ကမူ အခွန်တိမ်းရှောင်မှု စွဲချက်များဖြင့် ၎င်းကို နိုင်ငံရေးနှင့် ကင်းရှင်းစွာ နေထိုင်ရန် တရားရုံးတစ်ခုက စီရင်ချက် ချခဲ့သည်။ သို့သော် အဆိုပါ သတ်မှတ်ကာလ ပြီးဆုံးရန် နီးကပ်လာချိန်၌ ဘာလူစကိုနီသည် နိုင်ငံရေး နယ်ပယ်ထဲ ပြန်ဝင်မည့် အရိပ်အယောင်များ ပြသလာခဲ့ခြင်း ဖြစ်သည်။
အသစ်ဖွဲ့စည်းထားသည့် မဟာမိတ် အင်အားစုသည် ဘာလူစကိုနီ ဦးဆောင်ခဲ့သော ဖော်ဇာ အီတာလီယာ ပါတီနှင့် လက်ယာစွန်း ဝါဒစွဲ မြောက်ပိုင်းလိဂ်ပါတီနှင့် အီတလီ ညီအစ်ကိုများ ပါတီတို့ ပေါင်းစည်းထားခြင်း ဖြစ်သည်။ ဆစ္စလီ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည့်တိုင် ဒေသတွင်း ရွေးကောက်ပွဲတွင် မဲပေးသူ ဦးရေသည် ၅၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့ကြောင်း အီတလီ မီဒီယာများက ဆိုသည်။
မည်သို့ပင်ဖြစ်စေ၊ အဆိုပါ ရလဒ်က လတ်တလော ရုန်းကန်နေရသည့် ဗဟို လက်ဝဲယိမ်း အီတလီ အစိုးရအတွက် အထိနာစေခဲ့သည်။ လက်ရှိ အစိုးရသည် နိုင်ငံ၏ ရွှေ့ပြောင်းဒုက္ခသည် မူဝါဒများနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ အမျက်ဒေါသနှင့် ရင်ဆိုင်နေရသည်။
Ref: Guardian