WLC-3 ပြိုင်ပွဲတွင် တူးတူးက ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ယူပြီး ရွှေခါးပတ်ချန်ပီယံ ဆွတ်ခူး
တူးတူးနှင့် သြစတြေးလျလက်ဝှေ့သမား ဘာဒါတို ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − WLC)
ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-3) မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ တွင် မြန်မာ့ လက်ဝှေ့ကျော် တူးတူးက သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ရကာ ရွှေခါးပတ်ချန်ပီယံ ရယူခဲ့ သည်။
နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ကျင်းပသည့် ယင်းပွဲ၌ ရွှေခါးပတ် လုပွဲဖြစ်သည် နှင့်အညီ အကြိတ်အနယ်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ ပွဲအစ ပထမအချီတွင် နှစ်ဦးစလုံး အမှားစောင့် ပြီး ထိုးသတ်ခဲ့သဖြင့် ပွဲက မြိုင်ဆိုင်မှုမရှိခဲ့ပေ။ နောက်ပိုင်းအချီများတွင် တူးတူးက ဘယ်ညာ လက်သီးတွဲလုံးများ၊ ဒူးတိုက်ချက်များဖြင့် ဘာဒါတိုကို တိုက်စစ်ဆင်ခဲ့သည်။
ဘာဒါတိုကလည်း ထောက်လက်သီးများ၊ ခြေကန်ချက်များဖြင့် တူးတူးကို အသာရရန် ကြိုးပမ်းခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အလဲထိုးနိုင်ခြင်းမရှိဘဲ ငါးချီ ပြီးဆုံးခဲ့သည်။ အရှုံး၊ အနိုင်အဖြေ မပေါ်သဖြင့် ဒိုင်လူကြီးများက အမှတ်ပေးစနစ်ဖြင့် အဆုံးအဖြတ်ပေးပြီး ထိချက်ပိုမိုသာလွန်သည့် တူးတူးကို အနိုင်ပေးကာ ရွှေခါးပတ်ဆု ချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ဝှေ့ကျော် တူးတူးသည် WLCပြိုင်ပွဲတွင် ပထမဦးဆုံး ရွှေခါး ပတ်ဆုရရှိခဲ့သည်။
မြန်မာလက်ခမောင်းကုမ္ပ ဏီက ကြီးမှူးသည့် WLC-3 ပြိုင် ပွဲကို တွဲဆိုင်းရှစ်ဆိုင်းဖြင့် ကျင်းပ ပြီး နိုင်ငံခြားသား ကစားသမားချင်း ရိုးရာလက်ဝှေ့စည်းမျဉ်းဖြင့် ထိုးသတ်သည့် ပွဲစဉ်တစ်ပွဲပါဝင် သည်။ ငါးချီစိန်ခေါ်ပွဲ ခုနစ်ပွဲနှင့် လေးချီစိန်ခေါ်ပွဲတစ်ပွဲ ကျင်းပခဲ့သည်။
အခြားပွဲစဉ်တွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးက ယူဂန်ဒါနိုင်ငံသား ဆီမာတာကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူပြီး စောငမန်းက သြစတြေးလျ နိုင်ငံသား အက်ဒီဖာရယ်ကို အမှတ်ဖြင့် အနိုင်ရသည်။ မိုက်ရိုင်း က ဖကျော်ဟဲကိုလည်းကောင်း၊ ဖိုးလပြည့်က ကမ္ဘောဒီးယားနိုင်ငံသား ရင်ဆာရိုက်ကိုလည်းကောင်း၊ သွေးသစ် ဝင်းလှိုင် က ရှမ်းကိုကိုလည်းကောင်း အလဲထိုးဖြင့် အသီးသီးအနိုင်ရခဲ့သည်။
အခြားပွဲတွင် ပိုလန်နိုင်ငံသား ဆာလာဒိုက်က ရိုမေးနီးယားနိုင်ငံသား ဘာဘလီယာကိုအမှတ်ဖြင့် အနိုင်ရ သည်။ လေးချီစိန်ခေါ်ပွဲတွင် ချစ်မောင်မောင်က ဒိုးလေးကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးသည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC)ကို ယခုနှစ် တွင် ရန်ကုန်မြို့၌ သုံးကြိမ်ကျင်းပပြီး ပရိသတ် အားပေးမှုများပြားခဲ့သည်။
(7days)