ပြည်ခိုင်ဖြိုးပါတီမှ တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲ ပါဝင်ဆင်နွဲ

တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ရိုးရာအစဉ်အလာမပျက် ဆင်ယင် ကျင်းပမြဲဖြစ်သော တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၃ ရက်နေ့က စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ရာ စစ်တွေမြို့သူမြို့သားများနှင့်အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှလည်း ပါဝင်ကာ ဆွမ်းဆန်နှင့် တကွ လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြ သည်။

ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်များ၊ သံဃာတော်များနှင့် မယ်သီလရှင်များက ၀င်္ကဘာကွင်းပတ်လည် လှည့်လည်အပူဇော်ခံကြရာ မြို့သူမြို့သားများက မိမိတို့တွင် ပါလာသော လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူ ဦးသန်းဝေ (ဗဟိုကော်မတီဝင်) ၊ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစန်းငွေတို့ တက်ရောက်ခဲ့ပြီး စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များလည်း တက်ရောက် လောင်းလှူခဲ့ကြပါသည်။