ပြည်ထောင်စုသဘောတူစာချုပ်ကိုလွှတ်တော်သို့ တင်သွင်းအတည်ပြုရန် UPDJC ဆုံးဖြတ်

 

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးက အတည်ပြုခဲ့သော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆုံးဖြတ်ခဲ့ကြောင်း UPDJC ကိုယ်စားလှယ်များက ပြောသည်။

 နေပြည်တော်တွင် ပြီးခဲ့သည့် မေလက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေး၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စသည့်ကဏ္ဍလေးရပ်မှ အချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁) အဖြစ် အတည်ပြုခဲ့သည်။ အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို လွှတ်တော်သို့ မတင်သင့် သေးကြောင်း UPDJC ကိုယ်စားလှယ်အချို့က ဆွေးနွေးသော်လည်း အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် လွှတ်တော်သို့တင်ရန် ဆုံးဖြတ်ခဲ့သည်။

‘‘ပြည်ထောင်စုလွှတ်တော် ကို တင်မယ့်ကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်က ဆုံးဖြတ်ပေးလိုက်တယ်။ ဒါကဆွေးနွေးစရာကို မလိုဘူးလေ။ အမှန်က ကျွန်တော်တို့ လုပ်ထုံးလုပ်နည်း အတိုင်း ဒါတွေကို အမျိုးသားအ ဆင့်ကနေပြီးမှ လုပ်ငန်းကော်မတီကို ဖြတ်သန်းတယ်။ လုပ်ငန်း ကော်မတီကနေပြီးမှ အတွင်းရေး မှူးအဖွဲ့ကို အပ်တယ်။ အတွင်းရေးမှူးအဖွဲ့က ငြိမ်းချမ်းရေးညီလာခံကို တင်ပြပြီး အတည်ပြုချက်ယူပြီးပြီလေ။ အဲဒီအထဲမှာ အတည်ပြုနိုင်ခဲ့တဲ့ ၃၇ ချက်စလုံးက လွှတ်တော်ကနေ အတည်ပြုကို အတည်ပြုရမှာ’’ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် တာလှဖေက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းဖြစ်စေ၊ တစ်စောင်လုံးဖြစ်စေ ရရှိပါက လွှတ်တော်သို့တင်သွင်းပြီး အတည်ပြု ချက်ရယူရမည်ဟု ပါရှိ၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

 NCA လက်မှတ်ထိုးထား သည့် အဖွဲ့အချို့ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့ခြင်းကြောင့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် သဘောထားတင်ပြနိုင်ခြင်းမရှိခဲ့ပေ။ ယင်းအခြေအနေက ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် သတ်မှတ်မည့် သဘောတူညီချက်များရရှိရေး ခက်ခဲစေခဲ့ ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။

‘‘အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပဖြစ်သေးတဲ့ အဖွဲ့အစည်းတွေကိုကျင်းပခွင့်ပေးပြီးမှ လွှတ်တော် တင်လိုက်ရင်ကောင်းမယ်။ ခုလောလောဆယ် ခဏလေးစောင့်ပါဆိုပြီးတော့ ကျွန်တော်တို့ ပြောတာပဲ ဖြစ်ပါတယ်။ မတင်ပါနဲ့လို့ ကျွန်တော်တို့မပြောဘူး။ ဥပဒေကြောင်းအရကလည်း ကျွန်တော်တို့ ပြောဖို့သင့်တော် တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီအစိတ်အပိုင်းအဖြစ်နဲ့ တင်သင့်တယ်ဆိုတဲ့ဟာကလည်း ကျွန်တော်တို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့) တွေကပဲ တောင်းဆိုခဲ့တာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့အနက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့သည် ၎င်းတို့လူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပနိုင်သေးပေ။ 7day daily