ဖော်မြူလာဝမ်းချန်ပီယံဆုကို လူးဝစ္စဟာမီလ်တန် ၄ ကြိမ်မြောက် ဆွတ်ခူး

မက္ကဆီကိုဂရင်းပရီအပြီးတွင် မာစီဒီးအသင်းမှ ဗြိတိန်ပြိုင်ကားမောင်းသမား လူးဝစ္စဟာမီလ်တန်သည် ဖော်မြူလာ ၀မ်း ချန်ပီယံဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်သည်။

ဟာမီလ်တန်သည် မက္ကဆီကိုဂရင်းပရီတွင် အဆင့် ၉ နေရာသာ ရရှိခဲ့ပြီး ဘရာဇီးဂရင်းပရီနှင့် အဘူဒါဘီ ဂရင်းပရီ ပြိုင်ပွဲနှစ်ခုကျန်နေသေးသော်လည်း ဒုတိယနေရာမှ ဗက်တဲလ်နှင့် ရမှတ် ၅၅ မှတ်အထိ ကွာဟ နေသည့်အတွက် ချန်ပီယံဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ (ဂရင်းပရီတစ်ခုတွင် ချန်ပီယံဖြစ်ပါက ရမှတ် ၂၅ မှတ် ရရှိသည်)

ဟာမီလန်တန်သည် ၂၀၁၇ ခုနှစ်တွင်ကျင်းပပြီးစီးခဲ့သည့် ဂရင်းပရီ ၁၈ ခု၌ ၉ ခုတွင် ဗိုလ်စွဲနိုင်ခဲ့သည်။ ယခုနှစ်တွင် ချန်ပီယံဖြစ်ခဲ့သည့်အတွက် ဟာမီလ်တန်သည် ဂျက်ကီစတီးဝပ်ကို ကျော်ပြီး ဗြိတိန်၏ အအောင်မြင်ဆုံး ဖော်မြူလာ ၀မ်း ကားမောင်းသမား ဖြစ်လာခဲ့သည်။

ဖော်မြူလာဝမ်းသမိုင်းတွင် အအောင်မြင်ဆုံးကစားသမားမှာ ဂျာမန်ကားမောင်းသမား မိုက်ကယ်ရှုးမေကာ ဖြစ် သည်။ ရှုးမေကာသည် ဖော်မြူလာဝမ်းချန်ပီယံဆုကို ၇ ကြိမ်အထိ ရရှိခဲ့သည်။ ၎င်း၏နောက် အအောင်မြင်ဆုံး ကားသမားမှာ ချန်ပီယံဆု ၅ ကြိမ်ရရှိခဲ့သည့် အာဂျင်တိုင်းသား ဂျူအန်မန်နျူရယ်ဖန်ဂျီအို ဖြစ်သည်။ ဟာမီလ်တန်မှာ ယခုအချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသည့်အတွက် ရှုးမေကာ၏ စံချိန်ကို လိုက်မီနိုင်ဖွယ် ရှိနေသေးသည်။ ရှုးမေကာမှာ သူ၏သက်တမ်းတစ်လျှောက်တွင် ဂရင်းပရီချန်ပီယံဆုပေါင်း ၉၁ ခုရခဲ့ပြီး ဟာမီလ်တန်မှာ ၆၂ ခု ရရှိထားသည်။

မက္ကဆီကိုဂရင်းပရီတွင် ရက်ဒ်ဘူးလ်အသင်းမှ နယ်သာလန်ပြိုင်ကားမောင်းသမား မက်စ်ဗာစတက်ပန်က ပထမ နေရာက ပန်းဝင်ခဲ့ပြီး မာစီဒီးအသင်းမှ ဘော့တက်စ်က ဒုတိယ၊ ဖာရာရီအသင်းမှ ရွိုင်ကွန်နန်က တတိယရရှိခဲ့သည်။

-Ref; Daily Mail