မထိပါးရဲသည့်နိုင်ငံ ဖြစ်လာစေရေး ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
နိုင်ငံတကာအလယ်တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင် များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက်က နေပြည်တော်၌ ကျင်းပရာ အစည်းအဝေးအဖွင့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခု ကဲ့သို့ ပြောကြားသည်။
‘‘ယနေ့ကလေးသူငယ်များ ကြီးပြင်းလာတဲ့အချိန် နောင်လာမယ့်ကာလမှာ မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ မြင့်မြင့်မားမားရပ်တည်နိုင်ပြီး ဘယ်သူကမှ မထိပါးမစော်ကားရဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေဖို့ ဒီကနေ့ ခေါင်းဆောင် များက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းရင်း နဲ့ နိဂုံးချုပ်ပါတယ်။ လက်ဆင့်ကမ်းပေးကြပါ’’ ဟု UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း =စုကြည်က ပြောကြားသည်။
ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေမည့် နိုင်ငံရေးသဘောတူညီချက်များ ရရှိမှသာ လက်နက်ကိုင် ပဋိပက္ခချုပ် ငြိမ်းမည်ဖြစ်၍ လက်ရှိခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ်များအား ပြည်ထောင်စုငြိမ်းချမ်းရေး လက်ဆင့်ကမ်းပေးနိုင်ရေး ကြိုးစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းသည်။
မြန်မာနိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်များအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ ‘‘ကျွန်မတို့အခုလုပ်ရမယ့် လုပ်ငန်း တွေကို ပြောရမယ်ဆိုရင် ဒီနေ့ကနေ အခုကနေစပြီးတော့ နောင်နှစ် ၂၀၁၈ ခုနှစ်အထိ အချိန်ကာလအတွင်းမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို အခြေခံအုတ်မြစ်အနေဖြင့် ချမှတ်နိုင်ရေး ရည်မှန်းချက်ထား၍ ကြိုးပမ်း ဆောင်ရွက်သွားဖို့ ကျွန်မတို့လိုပါတယ်။ ဒီရည်မှန်းချက်ပြည့်ဝအောင်မြင်မှသာ မြန်မာနိုင်ငံရဲ့ နောက်မျိုး ဆက်သစ်တွေရဲ့ အနာဂတ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ ချမှတ်ခြင်းကို ၂၀၁၈ အတွင်း ပြီးပြတ်အောင် ရည်မှန်း ချက်ထား၍ ဦးတည်ကြိုးပမ်းဆောင်ရွက်ပေး ရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အ ကောက်ခွဲဝေမှုစသည့် အချက်များပါဝင်သည်။ အဆိုပါဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို လာမည့် ငြိမ်းချမ်းရေး ညီလာခံသုံးကြိမ် (ယခုနှစ်ကုန်မှ ၂၀၁၈ နှစ် ကုန်အတွင်း ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံသုံးကြိမ်)အတွင်း ပြီးပြတ်စွာ သဘောတူညီချက် ချမှတ်နိုင်သည်အထိ ကြိုးပမ်းရန်ဒေါ် အောင်ဆန်းစုကြည်က NCA လက်မှတ်ထိုးခြင်း (၂) နှစ်ပြည့် နှစ်ပတ် လည်နေ့ အခမ်းအနားတွင်လည်း တိုက်တွန်းခဲ့သည်။
ထို့အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် နိုင်ငံရေးသဘောတူညီချက်များ ရရှိရေးအပေါ် မူတည်နေသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မည်ဖြစ်ရာ UPDJC သည် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ၎င်းကဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ရေး အချိန်လုံလောက်မှု၊ အကျေအလည်ဆွေးနွေးမှု၊ ပါဝင်သူအားလုံး အပြန် အလှန် ယုံကြည်မှုတို့ အရေးကြီးသကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာ များလည်း အရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ထို့အပြင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေး UPDJC အဖွဲ့ဝင်များက တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ သည်။
‘‘ကျွန်မတို့ရဲ့တာဝန်ကဒီငြိမ်းချမ်းရေးဖြစ်စဉ်ကရှေ့ကိုတိုးတိုးတိုးတိုးပြီး သွားအောင်လုပ်ဖို့ပဲ’’ဟုဒေါ်အောင်ဆန်း စုကြည်က UPDJC ကိုယ်စားလှယ်များအား ပြောသည်။ UPDJC အစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၃၁) တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
7day daily