လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကျင်းပ

မကွေး အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ အရန် ပါတီ ကော်မတီဝင်များ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာတွေ့ဆုံပွဲ ဖိုရမ်ကို ယမန်နေ့ နံနက် ၉ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး ဦးဆောင်သော တိုင်းပါတီကော်မတီဝင် ၂၅ဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ဦးဆောင်သော လူငယ်ကော်မတီဝင် ၃ဝ နှင့် လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် စိတ်ပါဝင်စားသူ လူငယ်များတက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်းက ဘဏ္ဍာရေးအခြေအနေများနှင့် တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပါတီဌာနချုပ်၏ညွှန်ကြားစာများ၊ ခရိုင်၊ မြို့နယ်ပါတီများမှ တင်ပြစာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

တက်ရောက်လာသော ကော်မတီများမှ နယ်မြေအလိုက်ဒေသ အခြေအနေ စည်းရုံးရေးရလဒ်များ၊ ၂ဝ၂ဝ အောင်နိုင်မှုအခြေအနေ၊ ရေးရာကော်မတီများ စွမ်းဆောင်ရည်မြင့်မားရေးအခြေအနေများကို တင်ပြဆွေးနွေး ကြသည်။

လူငယ်နှင့် လက်ရှိနိုင်ငံရေး အခြေအနေအား တိုင်းပါတီအစည်းအဝေးခန်းမ (၁) တွင်လည်းကောင်း၊ တိုင်းကော်မတီဝင်များ၏ လပတ်အစည်းအဝေးကို စည်းဝေးခန်းမ (၂) တွင်လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပခဲ့ကြောင်း သိရသည်။

ဇော်မြင့်(မကွေး)