ပါတီဝင်လူငယ်များ၏ လတ်တလောအခြေအနေဆွေးနွေးပွဲသို့ ဗဟို အတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြား
မန္တလေး အောက်တိုဘာ ၂၅
မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သည့် ခရိုင်အတွင်းရှိ ပါတီ ဝင်လူငယ်များတွေ့ဆုံ၍ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ စကားဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
မန္တလေးခရိုင်အတွင်းရှိ ပါတီဝင်လူငယ်များအနေဖြင့် လက်ရှိ ကျင်းပခဲ့သည့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲများမှ ရရှိလာသော အတွေ့အကြုံများကို မိမိတို့ သက်ဆိုင်ရာနယ်မြေများ၌ ထပ်ဆင့်ဆွေးနွေးရန် လိုအပ်ကြောင်း၊ ပါတီဝင်လူငယ်များအနေဖြင့် မိမိတို့၏ အရည်အသွေးများကို အစဉ်မြှင့်တင် ထားရန်လိုအပ်ကြောင်း စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်က မှာကြားခဲ့သည်။
ဆက်လက်၍ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးမျိုးမြင့်ကလည်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဝင်လူငယ်များက လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဝိုင်းဖွဲ့ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူး နှင့်ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီလူငယ် ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်းအင်အား ၇ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့်ပါတီဝင်လူငယ်များ အရည်အသွေးတိုးတက်မြင့်မားလာစေရန်အတွက် လစဉ်လတိုင်း ၂၅ ရက်နေ့ကို တိုင်း ဒေသကြီးပါတီ၏ Youth Day (လူငယ်နေ့)အဖြစ် သတ်မှတ်ကာသက်ဆိုင်ရာနယ်မြေအလိုက် လူငယ်လှုပ်ရှားမှုများအဖြစ် စကားဝိုင်းဆွေးနွေးပွဲများကျင်းပခြင်း၊ လူငယ်လှုပ်ရှားမှုအဖြစ်ပြည်သူလူထုအကျိုးပြုလူမှုရေးလုပ်ငန်း များဆောင်ရွက်ခြင်းစသည့် လူငယ်နှင့်ဆိုင်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သုတ