၂၀၁၈ မော်တော်ယာဉ်မူဝါဒသစ်ကို ပြင်ဆင်ရန်မရှိဟု စီး/ကူးဒုညွှန်ချုပ်ပြော

၂၀၁၈ တွင်စတင်ကျင့်သုံးမည့် မော်တော်ယာဉ် မူဝါဒသစ်သည် ကောင်းမွန်သောစနစ်ဖြစ်ပြီး ပြန်လည်ပြုပြင်ရန် ညှိနှိုင်းဆွေးနွေးနေခြင်းမျိုး မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။ ‘‘မူဝါဒထုတ်ပြီးတဲ့နောက်မှာ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးပြန် လုပ်တယ် ဆိုတဲ့ သတင်းတွေဟာ မှားပါတယ်။ မဟုတ်ပါဘူးခင်ဗျာ’’ဟု ဦးမင်းမင်းက ပြောသည်။

မူဝါဒသစ်သည် လာမည့် ၂၀၁၈ ဇန်နဝါရီ ၁ ရက်၌စတင် အသက်ဝင်မည်ဖြစ်ပြီး တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့် အနေဖြင့် ၂၀၁၄ နောက်ပိုင်း မော်ဒယ် ဘယ်မောင်းယာဉ်များသာ တင်သွင်းရတော့မည်ဖြစ် သည်။ မူဝါဒသစ်သည် နိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းကားများ တင်သွင်း ခြင်းဖြစ်သည့် အတွက် ကောင်း မွန်သည့်စနစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်းရှိ ညာမောင်းဂျပန်တစ် ပတ်ရစ်ကားများသည် ကျပ်ဆယ်သိန်းမှ သိန်းလေးဆယ် ခန့်အထိ ဈေးတက်နေကြောင်း ကားဝယ် ရောင်း လုပ်ကိုင်သူအချို့က ပြော သည်။ ထို့အပြင် လက်ရှိ မူဝါဒ ဖြင့် ကားဝယ်လိုသူများနေ၍ ကားစလစ်ဈေးများလည်း တက်သွားသည်။ လတ်တလော ကားဈေးမြင့် တက်နေခြင်း သည် တစ်နိုင်တစ်ပိုင်ကားဝယ်စီးမည့်သူများထက် ဝယ်ရောင်းသမားများက ဈေးကွက်အတွင်း ညာမောင်းကား များ လိုက်လံစုဆောင်းဝယ်ယူပြီး ဈေးကစားခြင်းကြောင့် ဖြစ် ကြောင်း KL Seven ကား အရောင်းပြခန်းပိုင်ရှင် ဦးကြည် သာဟန်က ပြောသည်။

ကားဝယ်မည့် ပြည်သူများသည် လတ်တလော ထွက်ရှိထားသည့် မူဝါဒအသစ်နှင့် ဈေးကွက်အခြေ အနေအပြောင်းအလဲကို စောင့်ကြည့်နေကြကြောင်း ၎င်းကပြောသည်။ ယခင်နှစ်များက မူဝါဒသစ် ထွက်ပြီးချိန် ၌ ကားဈေးတက်လေ့ ရှိပြီး ခြောက်လခန့်အကြာတွင် ကားဈေး ပြန်ကျလေ့ရှိကြောင်း ၂၀၁၇ ကားမူဝါဒ ထွက်ရှိစဉ် အခြေအနေနှင့် နှိုင်းယှဉ်၍ ၎င်းက ပြောသည်။