ဘရာဇီး-အင်္ဂလန် ယူ ၁၇ ပွဲကို ပရိသတ် တစ်သန်းကျော် အွန်လိုင်းမှလက်မှတ်ဝယ်ကြ၍ ဖီဖာဝက်ဘ်ဆိုက် ရပ်တန့်သွားခဲ့

အောက်တိုဘာ ၂၅၊ ကလက္ကတ္တား

ယနေ့ညနေ ၆း၀၀ နာရီတွင် ဘရာဇီးနှင့် အင်္ဂလန် ယူ ၁၇ အသင်းတို့ ကလက္ကတ္တား၌ယှဉ်ပြိုင်ကစားကြမည့် ယူ ၁၇ ကမ္ဘာ့ဖလား ဆီမီးပွဲစဉ်အတွက် လက်မှတ်များကို ပရိသတ် တစ်သန်းကျော်က အွန်လိုင်းမှဝယ်ယူရန် ကြိုးပမ်းကြရာ ဖီဖာအွန်လိုင်းလက်မှတ် ရောင်းချစနစ်မှာ ရပ်ဆိုင်းသည်အထိဖြစ်ခဲ့ရသည်။

ဂူဝါဟတ္တီမြို့မှ မူလစီစဉ်ထားသည့် အင်ဒရာဂန္ဓီအားကစားကွင်းမှာ ရေများဖုံးလွှမ်းနေသဖြင့်နှစ်သင်းစလုံးက ကန့်ကွက်ခဲ့ကြရာ ဆီမီးပွဲစဉ်ကို ကလက္ကတ္တားသို့ ပြောင်းရွှေ့ခဲ့ရသည်။ မြို့နှစ်မြို့မှာ ကီလိုမီတာ ၁, ၀၀၀ ကျော်ကွာဝေးသဖြင့် ဂူဝါဟတ္တီမြို့မှ လက်မှတ်ဝယ်ထားသည့် ပရိသတ်များစွာမှာလည်း သည်းထန်စွာ ရွာနေသည့်မိုးနှင့်အတူ ဒုက္ခရောက်ကြရသည်။

ဆော့လိတ်ကွင်းတွင် ကစားမည့်ယင်းပွဲအတွက် လက်မှတ်စောင်ရေ ၆၆, ၀၀၀ သာရောင်းချနိုင်မည် ဖြစ်သော်လည်း ပရိသတ်များစွာက အလုံးအရင်းဖြင့် ၀ယ်ယူရန်ကြိုးပမ်းခဲ့ကြသည်။ လက်မှတ်များကို တနင်္လာနေ့တွင် အွန်လိုင်းမှရောင်းချခဲ့ရာ ပရိသတ်တစ်သန်းကျော်ထံမှ အမှာစာများစုပြုံ ရောက်ရှိလာသည်ဟု ဖီဖာက အတည်ပြုခဲ့သည်။

ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလားဆီမီးအဖြစ် မြန်မာစံတော်ချိန် ယနေ့ညနေ ၆း၀၀ နာရီတွင် ဘရာဇီးနှင့် အင်္ဂလန်၊ ည ၉း၀၀ နာရီတွင် မာလီနှင့် စပိန်တို့ ကစားကြမည်ဖြစ်သည်။

Ref; Daily Mail