ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာရန် ကြိုးပမ်းမည်ဟု အူစိန်ဘော့ ကတိပြု

ပြေးခုန်ပစ်လောကမှ အနားယူထားသည့် ကမ္ဘာ့တာတိုဘုရင် အူစိန်ဘော့က ၎င်း၏အိပ်မက်တစ်ခုဖြစ်သည့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့သော် ၎င်းက သူ၏ မျှော်လင့်ချက်များ ဖြစ်မလာခဲ့လျှင် စိတ်ကသိကအောက် ဖြစ်မည်မဟုတ်ကြောင်း ၀န်ခံခဲ့သည်။

မီတာ ၁၀၀၊ ၂၀၀ လက်ရှိကမ္ဘာ့စံချိန်ရှင်နှင့် အိုလံပစ်ရွှေတံဆိပ် ရှစ်ခုရှင်ဖြစ်သူ အူစိန်ဘော့သည် အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ယူအက်စ်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့် ခဲ့စဉ်အတွင်း သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အူစိန်ဘော့က “ဒါဟာ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတွေရဲ့ထင်မြင်ယူဆချက်တွေကို ကျွန်တော် ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ မညာပါဘူး။ မလုပ်နိုင်တော့ဘူးလို့ ထင်မြင်ယူဆရင် ဒီအရာကို မေ့ပစ်ဖို့ ကြိုးစားပါ့မယ်”ဟု အူစိန်ဘော့က ပြောကြားခဲ့သည်။

အူစိန်ဘော့သည် ပရိုဘောလုံးသမားဖြစ်လာရန် ဆန္ဒရှိကြောင်း ကာလကြာရှည် ၀န်ခံထားပြီး ဘွန်ဒစ်လီဂါ ဒေါ့မွန်အသင်းနှင့်လည်း လေ့ကျင့်ခန်းဆင်းခဲ့ဖူးသည်။

(Eleven sports)