ထိုင်းဘုရင် ဘူမိဘော၏ ဈာပန အခမ်းအနားအတွက် ပြင်ဆင်မှုများ အပြီးသတ်

လွန်ခဲ့သည့် တစ်နှစ်ကျော်က နတ်ရွာစံခဲ့သည့် ဘုရင်ကြီး ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ တော်ဝင် ဈာပန အခမ်းအနားကို ကျင်းပရန် ထိုင်းနိုင်ငံတွင် ပြင်ဆင်မှုအားလုံး အသင့်ဖြစ်နေပြီဟု သိရသည်။

ဘူမိဘောသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အသက် ၈၈ နှစ် အရွယ်တွင် နတ်ရွာစံခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို ထိုင်းပြည်သူများ ဂါရဝပြုနိုင်ရန် တစ်နှစ်ပတ်လုံး ထားရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် ဘန်ကောက်၌ မီးသင်္ဂြိုဟ်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့် တစ်လမျှအတွင်း အဆိုပါ ဈာပန အခမ်းအနားအတွက် လစ်ဟာမှု မရှိအောင် ဘက်ပေါင်းစုံမှ ကြိုတင် ပြင်ဆင်နေခဲ့ပြီး ယခုအခါ အဆင်သင့် အနေအထား ဖြစ်လာပြီဟု ဘုရင့်နန်းတော်မှ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့သည်။

ထိုင်းတွင် ဘုရင်ဘူမိဘောသည် ပြည်သူလူထု အချစ်တော် မင်းကောင်းမင်းမြတ် တစ်ပါးအဖြစ် ရပ်တည်ခဲ့ပြီး နိုင်ငံရေး အလှုပ်အခတ်များက ၎င်း၏ ပုံရိပ်ကို ထိခိုက်သက်ရောက်စေမှု မရှိခဲ့ချေ။  ထိုင်းဗုဒ္ဓဘာသာ ဓလေ့ထုံးစံများအတိုင်း ပြုလုပ်မည့် ဈာပန အခမ်းအနားသို့ ဧည့်ပရိသတ် နှစ်သိန်းခွဲမျှ တက်ရောက်မည်ဟု တော်ဝင်မိသားစုက ခန့်မှန်းထားသည်။

ဈာပန အခမ်းအနားတွင် ဘူမိဘော၏ သားတော် လက်ရှိ ထိုင်းဘုရင် မဟာ ဗီဂျရာ လောင်ကွန်းက လောင်စာတိုက်ကို တာဝန်ယူ မီးရှို့မည် ဖြစ်သည်။ ဘုရင်ကြီး၏ အရိုးပြာများကို နန်းတော်သို့ ပြန်လည် သယ်ဆောင်လာမည်ဖြစ်ပြီး ဈာပန အခမ်းအနားကို နောက်ထပ် နှစ်ရက်ကြာ သတ်မှတ် ကျင်းပစေမည်ဟု သိရသည်။  ဈာပန အခမ်းအနားကို နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များ လာရောက်မည်ဟု ထိုင်းအစိုးရကဆိုသည်။ ဈာပန အခမ်းအနား ကျင်းပမည့် အနီးတဝိုက် လမ်းများတွင် လူပေါင်းများစွာ စုရုံးနေဖွယ် ရှိပြီး ထိုသူများအတွက် စည်းကမ်းတကျ နေရာယူရန်လည်း လမ်းညွှန်ချက်များ ထုတ်ပြန်ထား သည်။

ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ဝေဖန်ရှုတ်ချမှုသည် ရာဇဝတ်မှုမြောက်သည်။ ကမ္ဘာပေါ်ရှိ မင်းအုပ်ချုပ် သော နိုင်ငံများ အားလုံးတွင် တော်ဝင်မိသားစုအပေါ် ဝေဖန်မှုနှင့် ပတ်သက်၍ ထိုင်း၏ ဥပဒေများက ပြစ်ဒဏ် အဆိုးရွား အပြင်းထန်ဆုံး အဖြစ်လည်း ရပ်တည်လျက်ရှိသည်။

Ref: BBC