မြန်မာ- ထိုင်း- ဂျပန် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၂၃ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး AING MOE ENTERTAINMENT က စီစဉ်သော မြန်မာ- ထိုင်း- ဂျပန် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို နိုဝင်ဘာ ၂ရက် မွန်းလွဲ ၁နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစား ခန်းမ၌ FIGHT FOR HOME အမည်ဖြင့် ကျင်းပမည် ဖြစ်သည်။

အဆိုပါရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် နိုင်ငံတကာ ပွဲစဉ်လေးပွဲနှင့် တောင်ငူဒေသခံမျိုး ဆက်သစ်ရိုးရာ လက်ဝှေ့ သမားများ ယှဉ်ပြိုင်ထိုးသတ်သော ပွဲစဉ်ခြောက်ပွဲ အပါအဝင် စုစုပေါင်းပွဲစဉ် ၁ဝပွဲ ပါဝင်မည်ဖြစ်သည်။ အဓိက ပွဲစဉ်အဖြစ် ထွန်းနိုင်ဦး (တောင်ငူ/ STL)နှင့် ထိုင်းနိုင်ငံသား မွေထိုင်း လက်ဝှေ့သမား ချိုင်းအိဆင် တို့က ငါးချီပွဲ အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အခြားနိုင်ငံတကာ ပွဲစဉ်များအဖြစ် ဥာဏ်လင်းအောင် (တောင်ငူ/ ဘိလပ်မြေစက်ရုံ)နှင့် ကမ်ဖိန်ဖစ် (ထိုင်း) တို့က ငါးချီပွဲ၊ ကာဝါမူရာ (ဂျပန်)နှင့် စိုးမောင်ဦး (ရတနာပုံ/ မန္တလေး)တို့က သုံးချီပွဲအနေဖြင့် ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ အမျိုးသမီးပွဲစဉ်အဖြစ် ရွှေစင်မင်း(မြွေဟောက်မင်း/ မြန်မာ)နှင့် မွေထိုင်း လက်ဝှေ့မယ် နွိုင်အဲ့ယ် (ထိုင်း)တို့က သုံးချီပွဲ အနေဖြင့် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး ကြားပွဲများအဖြစ် ယှဉ်ပြိုင်မည့်ပွဲစဉ် ခြောက်ပွဲမှာ သုံးချီပွဲများ အနေ ဖြင့် ယှဉ်ပြိုင် ထိုးသတ် သွားမည်ဖြစ်သည်။

ယင်းလက်ဝှေ့ စိန်ခေါ်ပွဲ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၈ဝဝဝ ဖြစ်ပြီး အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရိုးရာ လက်ဝှေ့ဝါသနာရှင်များ ကြည့်ရှုနိုင်ရန် ရိုးရာလက်ဝှေ့ ဝါသနာရှင်များ ဖေ့ဘွတ်ခ် ပေခ်ျ့မှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

(မြ၀တီ)