Facebookပို့စ် ဘာသာပြန် အမှားကြောင့် အစ္စရေး ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့

Facebookပေါ်တွင် ရေးသားထားသည့် ပို့စ်တစ်ခု ဘာသာပြန် အမှားကြောင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်း အမျိုးသား တစ်ဦးသည် အာရပ်ဘာသာဖြင့် Facebook ပေါ်တွင် “ကောင်းသော မနက်ခင်းပါ”ဟု ရေးသားထားခဲ့သည်။ သို့သော် ယင်းစာသား ကို ဟီးဘရူးဘာသာဖြင့် ပြန်ဆိုချိန်တွင် “သူတို့ကို တိုက်ကြ”ဟု မှားယွင်းသွားခဲ့သည်။

ထို့ကြောင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များသည် အဆိုပါ ပါလက်စတိုင်း အမျိုးသားကို လိုက်လံ ရှာဖွေကာ ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က ဆောက်လုပ်ရေး လုပ်သားတစ်ဦးကို ယာယီ ထိန်းသိမ်းခဲ့သော်လည်း ဘာသာပြန် အမှားကို သိရှိသည့်နောက် ချက်ချင်း ပြန်လွှတ်ပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယင်းအမျိုးသားက အနောက်ဘက် ကမ်းခြေဒေသ၌ ဘူဒိုဇာတစ်စီး အနီးတွင် ရပ်နေသည့် ဓာတ်ပုံနှင့်အတူ အဆိုပါ စာသားကို ရေးသားထားခြင်း ဖြစ်သည်။ ယခင်က အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များကို အဆိုပါ ယာဉ်မျိုး အသုံးပြု တိုက်ခိုက်ခဲ့မှုမျိုး ကြုံတွေ့ခဲ့ဖူးသည်။

အာရပ်စာသားအရ ယင်းအဓိပ္ပါယ်နှစ်ခု ရေးသားရာတွင် ဆင်တူသော ပြဿနာ ရှိနေကြောင်း Times of Israel သတင်းဌာနက ဖော်ပြခဲ့သည်။ တာဝန်ရှိသူများက ထိုအမျိုးသားကို သွားရောက် မဖမ်းဆီးမီတွင် အာရပ် ဘာသာစကား ကျွမ်းကျင်သူများနှင့် နှီးနှောတိုင်ပင် အကြံယူမှု မရှိခဲ့ဟု သိရသည်။ မေးခွန်းထုတ်စရာများ ဖြစ်ခဲ့သည့် ယင်းFacebook ပို့စ်မှာ ယခုအခါ ပြန်ဖျက်သွားပြီ ဖြစ်သည်။

အင်တာနက်တွင် ဘာသာပြန် အလွဲအမှားကြောင့် မျက်နှာပျက်စရာ ဖြစ်ရမှုမျိုး ယခင်က Google ကုမ္ပဏီလည်း ကြုံဖူးသည်။ ၎င်းတို့၏ ဘာသာပြန် ဝန်ဆောင်မှုက ရုရှားနိုင်ငံကို Mordorဟု မှားယွင်း ပြန်ဆိုမိသဖြင့် ရယ်စရာ ဖြစ်ခဲ့သည်။ Modorသည် စိတ်ကူးယဉ် ဝတ္ထုစာအုပ် Lord of the Ringsထဲမှ ဒေသတစ်ခု၏ အမည်မျှသာဖြစ်သည်။

 Ref: BBC