မြန်မာ ယူ-၂၃ နှင့် မြန်မာ ယူ-၂၁ အသင်း ပြန်လည်ဖွဲ့စည်းပြီး နည်းပြရာထူးများ အတွက် နည်းစနစ် ကော်မတီ အစည်းအဝေး ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ် ကော်မတီသည် နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းရမည့် မြန်မာ ယူ-၂၃ နှင့် မြန်မာ ယူ-၂၁ အသင်းများအတွက် နည်းပြများ ခန့်အပ်နိုင်ရန် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းနှစ်သင်းအတွက် တရားဝင် နည်းပြများ ခန့်အပ်မှုကို မကြာမီ ရက်ပိုင်းအတွင်း သတင်းထုတ်ပြန် ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ဘူရီယမ် ခရိုင်၌ ကျင်းပမည့် M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲကို လည်းကောင်း၊ မြန်မာ ယူ-၂၁ အသင်းသည် ဒီဇင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ကန်ဒိုမြို့၌ ကျင်းပမည့် Thanh Nien Newspaper Cup 2017 ပြိုင်ပွဲကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လေ့ကျင့်မှုများ မကြာမီ ပြုလုပ်ရမည်ဖြစ်ပြီး နည်းပြများ လည်း ခန့်အပ်ရန် လိုအပ်နေသည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင် အသင်းမှ နည်းပြများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုတစ်ကြိမ် ခန့်အပ်မည့် နည်းပြများအတွက် သေချာစိစစ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဇီဆီကို ဆက်လက်တာဝန် ပေးအပ်ဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယူ-၂၁ အသင်းတွက် နိုင်ငံခြားသား နည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်နေသော်လည်း ပြည်တွင်းမှ နည်းပြတစ်ဦးကို တာဝန်ပေးအပ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။

myawady webportal