လာမည့်နွေရာသီတွင် မန်ယူသို့ ပြောင်းမည်ဟု အိုဇေးလ် ပြော

အာဆင်နယ်ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်းဆီ ပြောင်းမယ်လို့ အသင်းဖော်တွေကို ပြောဆိုကြောင်း ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြနေပါ တယ်။ အသက် ၂၉ နှစ်အရွယ် အိုဇေးလ် ကိုယ်တိုင်ကလည်း မန်ယူအသင်းကို ပြောင်းဖို့ ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဆိုပါတယ်။

ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ရဲ့ စာချုပ်သက်တမ်းကလည်း ဒီနှစ်ရာသီအဆုံးမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ လောလောဆယ် အာဆင်နယ်အသင်းမှာ အိုဇေးလ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်နေလို့ အသင်းပြောင်းဖို့ ရည်ရွယ်နေတာပါ။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ အိုဇေးလ်ကို အကောင်းဆုံး ကွင်းလယ်ကစားသမားတယောက် ဖြစ်တယ်လို့ လူသိရှင်ကြား ချီးကျူး ပြောဆိုထားပါတယ်။ သူတို့နှစ်ယောက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာတုန်းက ဆရာတပည့် ဖြစ်ခဲ့ဖူးပါတယ်။

လစာကိစ္စနဲ့ ပတ်သက်လို့လည်း အိုဇေးလ်ရဲ့ အေးဂျင့်က တပတ်ကို ပေါင် ၃ သိန်းခွဲအထိ ပေးဖို့ တောင်းဆို ထားပေမယ့်လည်း အာဆင်နယ်ဘက်ကတော့ ပေါင် ၂ သိန်း ၇ သောင်း ၅ ထောင်ပဲ ပေးဖို့ ကမ်းလှမ်းထား ပါတယ်။

(DVB)