MMA ပြိုင်ပွဲဝင်ရန် အောင်လအန်ဆန် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၁ ရက် ရောက်မည်

မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားသည့် ကင်မရွန်းနွယ်ဖွား အလိန်းဂါလာ နီနှင့် ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် အောက်တိုဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်သည်။

နိုဝင်ဘာ ၃ ရက်တွင် ရန် ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ Hero’s Dream အမည်ဖြင့် ကျင်းပမည့် One Championship (MMA) ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ကင်မရွန်း နွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့် ပွဲစဉ်နှစ်ပွဲလည်း ပါဝင်မည်ဖြစ် သည်။ အောင်လအန်ဆန်သည် အဆိုပါပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်ရန် မြန်မာနိုင်ငံသို့ ၁၀ ရက်ခန့် ကြိုတင်လာရောက်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးဇေသီဟက ပြောသည်။

‘‘အောင်လက ဒီကိုကြိုလာ ပြီး လေ့ကျင့်မှုတွေ လုပ်မယ်။ ပြီး တော့ တခြား သူလုပ်ဆောင်ချင် တာလေးတွေရှိလို့ ကြိုလာဖြစ် တာပါ။ လုပ်ဆောင်မယ့် အချိန် ဇယားကိုတော့ သေချာမသိရ သေးပါဘူး။ သူ့မန်နေဂျာက စီစဉ်ပေးနေတာပါ။ သူနဲ့ပြိုင်မယ့် ဂါ လာနီကတော့ အောက်တိုဘာ ၂၈၊ ဒါမှမဟုတ် ၂၉ ရက်မှ မြန်မာနိုင်ငံကို ရောက်ပါမယ်’’ဟု ၎င်းက ပြောသည်။

အောင်လအန်ဆန်နှင့် ယှဉ် ပြိုင်မည့် အသက် (၄၂)နှစ်အရွယ် ဂါလာနီသည် MMA ပြိုင်ပွဲများတွင် ဟဲဗီးဝိတ်တန်း၌ ယှဉ်ပြိုင် ထိုးသတ်နေပြီး မွေထိုင်းဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရထားသည်။ အောင်လအန်ဆန် သည် MMA ပြိုင်ပွဲတစ် လျှောက် ၃၀ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ပွဲ ၂၀ နိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ ယင်းပြိုင်ပွဲကို ပြည်တွင်းရုပ်သံလိုင်း စကိုင်းနက်အားကစားချန်နယ်မှ တိုက်ရိုက်ပြသမည်ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ရိုးရိုးတန်း ကျပ်တစ်သောင်း၊ နှစ်သောင်းခွဲ၊ အထူးတန်း ကျပ်ငါးသောင်း၊ VVIP တန်း ကျပ်နှစ်သိန်း သတ်မှတ်ထားသည်။

 (7days)