တယ်ပင် ဝါတရာ ရှောက်ပင်ကျေးရွာများမှ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ပင်းတယမြို့နယ် တယ်ပင်ကျေးရွာ ဝါတရာကျေးရွာ ရှောက်ပင်ကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ရွာသုံးရွာကိုယ်စား ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးညိုမှ ပါတီဝင်ရခြင်း နှင့်ပါတ်သက်ပြီး ရှင်းလင်းပြောကြားပြီး ပါတီဝင်အဆိုပြုလွှာများအား ဦးညိုမှပေးအပ်ရာ ပင်းတယမြို့နယ်ပါတီဥက္ကဌမှလက်ခံရယူသည်။
ထို့နောက်ပါတီဌာနချုပ်မှ ဒေသခံပြည်သူများအတွက် အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက လက်ခံရယူခဲ့သည်။ အမှတ်တရလက်ဆောင်များပေးအပ်မှုများအပြီးတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွှင်မှရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုအပြီးတွင် တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြခဲ့ကြသည်။ ထို့ နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြာပြီး ဓနု တောင်ရိုး ရှမ်း စသည့် တိုင်းရင်းသားများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနား ပြီးဆုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း၊ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် အဆိုပါကျေးရွာသုံးရွာမှ ပါတီဝင်များမြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။

ပါတီဌာနချုပ်