၂၄ နာရီကြာ ဂိမ်းကစားပြီးနောက် မျက်စိတစ်ဖက်ကွယ်သွားတဲ့ တရုတ်အမျိုးသမီး

အသက် ၂၁ နှစ်အရွယ်ရှိတဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ စမတ်ဖုန်းနဲ့မိုဘိုင်းဂိမ်းတွေကို ၂၄ နာရီတိုင်တိုင် မျက်စိနဲ့မခွာတမ်း ကစားပြီးတဲ့အခါမှာ အမြင်အာရုံတစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ပါတယ်။

ဝူရှောင်ကျင်းဆိုတဲ့အမျိုးသမီးဟာ Honour of Kings အွန်လိုင်းဂိမ်းကို ကစားနေချိန်မှာ ညာဘက်မျက်လုံးရဲ့ အမြင်အာရုံ ပျောက်ဆုံးခဲ့ရပါတယ်။

သူမဟာ မျက်ကြည်လွှာသွေးလွှတ်ကြောပိတ်တဲ့ ရောဂါ (RAO) ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သူမကို တရုတ်နိုင်ငံက ဒေသတွင်းဆေးရုံမှာ တင်ထားပါတယ်။ RAO ဟာ အသက်အရွယ်ကြီးသူတွေမှာပဲ ဖြစ်ပွားလေ့ ရှိပေမယ့် ဒီဖြစ်ရပ်မှာတော့ မျက်နှာပြင်တစ်ခုကို အနားမယူဘဲ တောက်လျှောက် အားစိုက်ကြည့်လို့ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ ဘဏ္ဍာရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ပါတယ်။ သူမဟာ အွန်လိုင်းဂိမ်း Honour of Kings ကို အလွန်စွဲလမ်းခဲ့ပြီး အလုပ်ပြီးတာနဲ့ ကစားလေ့ရှိသလို အားလပ်ရက်တွေမှာလည်း တစ်နေကုန် ကစားတယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

“အလုပ်မရှိတဲ့ရက်တွေမှာ ကျွန်မ မနက် ၆ နာရီလောက်ထပါတယ်။ မနက်စာ စားပြီးတာနဲ့ ညနေ ၄ နာရီအထိ ဂိမ်းကစားပါတယ်”လို့ သူမက South China Morning Post ထံ ပြောကြားခဲ့ပါတယ်။ “နောက်တော့ တစ်ခုခုစား၊ တစ်ရေးတစ်မောအိပ်ပါတယ်။ ပြီးတာနဲ့ သန်းခေါင်ယံ တစ်နာရီအထိ ကစားပါတယ်။ တစ်ခါတလေမှာ ဂိမ်းကစားတာ အာရုံဝင်သွားရင် တစ်ခုခုစားဖို့ မေ့သွားပါတယ်။ ညနေစာစားမယ့် အချိန်ရောက်ပြီလို့ မိဘတွေက လာပြောတဲ့အခါမှာတောင် နားမထောင်တော့ဘူး” လို့ သူမက ပြောပါတယ်။

ဂိမ်းတစ်ခါကစားရင် ၇ နာရီ ဒါမှမဟုတ် ၈ နာရီအထိ ပုံမှန်ကြာတတ်တယ်လို့ ဝူက ပြောခဲ့ပါတယ်။

သူမဟာ ဆေးရုံတက်နေဆဲဖြစ်ပြီး အမြင်အာရုံ ပြန်ရဖို့ ဆရာဝန်တွေက ကြိုးပမ်းနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားကြပါတယ်။

Honour of Kings ဟာ သမိုင်းနောက်ခံ စစ်ပွဲဂိမ်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာပဲ စာရင်းသွင်း ကစားသူ သန်း ၂၀၀ ရှိပါတယ်။ အဲ့ဒီဂိမ်းကို အလွန်စွဲလမ်းစေတတ်တဲ့ ဂိမ်းအဖြစ် လူအများစုက ဝေဖန်ထားကြပါတယ်။

Facbebook News