တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ မြောက်ကိုရီးယား အဆင်သင့်မဖြစ်သေး

နျူးကလီယားနဲ့ ဒုံးပျံအစီအစဉ်တွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုဖို့ အသင့်မဖြစ်သေးဘူးလို့ မြောက်ကိုရီးယားက ပြောဆိုကြောင်း ရုရှားသတင်းဌာနတွေက ပြောပါတယ်။

ရုရှားနိုင်ငံမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်ဘက်ကိုယ်စားလှယ်တွေ တိုက်ရိုက် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ရုရှား RIA သတင်းဌာနက ဆိုပါတယ်။

တပ်စ် သတင်းဌာနကတော့ ရုရှား အထက်ဆီးနိတ်လွှတ်တော်ဥက္ကဌအနေနဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်၊ တောင်ကိုရီးယား ကိုယ်စားလှယ်တို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

ရုရှားလွှတ်တော်အမတ်တဦးကတော့ တောင်နဲ့မြောက်ကိုရီးယားတို့ နှစ်ဦးနှစ်ဖက်ကြားက ကွဲပြားခြားနားမှုတွေ ကျဉ်းမြောင်းသွားအောင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး အခွင့်အလမ်းကို အမိအရ အသုံးချစေလိုကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အမည်မဖေါ်လိုတဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်တဦးကတော့ အခုလို ကိုရီးယားနှစ်နိုင်ငံ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရေး မဖြစ်မြောက်တာဟာ အမေရိကန်ရဲ့ ဖိအားနဲ့ အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

(RFA)