သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြ နိုင်ငံသံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

မြန်မာနှင့် ဗာတီကန်မြို့ ပြနိုင်ငံကြား သံတမန် အဆက်အသွယ်စတင်ပြီး အောက်တိုဘာ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ခံရသည့် မစ္စတာပေါလ်ချန်အင်နမ်က သမ္မတဦးထင်ကျော်ထံ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မလာရောက်မီ ၄၅ ရက်အလိုတွင် ဗာတီကန်မြို့ပြနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်လွှာပေးအပ်ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၅ ရက်၌ မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ်လာရောက်လည်ပတ်ရန်  စီစဉ်နေသည်။

မြန်မာနှင့် ဗာတီကန်မြို့ပြ နိုင်ငံကြား သံတမန်အဆက်အ သွယ် စတင်ထူထောင်ကြောင်း မေလ ၄ ရက်က ဒေါ်အောင်ဆန်း စုကြည်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ အီတလီနိုင်ငံ၌ တွေ့ ဆုံအပြီး ကြေညာခဲ့သည်။ မြန်မာအနေဖြင့် သံတမန်အဆက်အသွယ် ထူထောင်ပြီးသည့် နိုင်ငံ ၁၁၈ နိုင်ငံရှိလာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဗာတီကန်၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အမြဲတမ်းသံတမန် ကိုယ် စားလှယ်တစ်ဦးခန့်အပ် ထားရှိ၍ ဗာတီကန်၌လည်း မြန်မာသံရုံးဖွင့် လှစ်ခြင်းဖြစ်သည်။

ယခင်က မြန်မာနှင့်ဗာတီ ကန်ကြားတွင် သံတမန် အဆက်အသွယ် တိုက်ရိုက်မရှိခဲ့ဘဲ ထိုင်းအခြေစိုက် ဗာတီကန်ကိုယ်စားလှယ်မှ တစ်ဆင့်သာ ကိုယ်စားပြုမှုရှိခဲ့သည်။ ပြီးခဲ့သည့်မတ်လက ပြည်ထောင်စုလွှတ်တော် တွင် ဗာတီကန်နှင့် သံတမန်  ဆက်ဆံရေး ထူထောင်ရန်သဘောတူညီခဲ့၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ အီတလီနိုင်ငံ ဗာတီကန်နန်းတော် ခရီးစဉ်၌ သံတမန်ဆက်ဆံရေး စတင်ကြောင်း နှစ်နိုင်ငံက ကြေညာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ သံအမတ်ကြီးအဖြစ် မခန့်အပ်မီအချိန်ထိ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံ တွင် ဗာတီကန်နန်းတော်၏ အမတ်အဖြစ် ကက်သလစ် ခရစ်ယာန်ဘာသာ ရန်ကုန်ဂိုဏ်းချုပ် ချားလ်စ်ဘိုအား ခန့်အပ်ထားသည်။

ထို့အပြင် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စဒေါ်ရိုလ်သေရား နက်ထိစခဲ – ဗန်ဆဲလ်ကလည်း သမ္မတဦးထင်ကျော်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။