ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးစစ်ကိုင်းတိုင်းဒေသကြီး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)တို့သည် ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော တိုင်းဒေသကြီးအတွင်းရှိ ပါတီအဆင့်ဆင့်၏ ငါးလပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားသည်။

အဆိုပါ ငါးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ မြင့်သိန်း၊ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင်များ၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင်၊ မော်လိုက်ခရိုင်နှင့် တမူးခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်များမှ ပါတီ ဥက္ကဋ္ဌများ၊ မုံရွာနှင့် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်က နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ် နေသောအရေးကိစ္စများ၊ နိုင်ငံတကာဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး၍ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးမြင့်စိုးက ပါတီစည်းရုံးရေးအနေဖြင့် မြို့နယ်အလိုက် စိမ်း၊ ဝါ၊ နီ အခြေ အနေများကို အကဲဖြတ်ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပါတီ ၃၇ မြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများက ငါးလအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်ဆွေးနွေးသည်။

အေးဇေယျာ