မြန်မာ- ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကျင်းပမည်
ရန်ကုန် အောက်တိုဘာ ၁၁
မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ရှိ ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲတွင် ရိုးရာလက်ဝှေ့ပွဲစဉ်ပေါင်း ၁ဝ ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ မြန်မာ- ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများ အနေဖြင့် အဓိကစိန်ခေါ် ပွဲကြီးဖြစ်သော ရိုးရာလက်ဝှေ့ကျော် ထွန်းနိုင်ဦး (STL) နှင့် ထိုင်းနိုင်ငံသား မွေထိုင်း လက်ဝှေ့ကျော်တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အခြားအမျိုးသား နှစ်နိုင်ငံ စိန်ခေါ်ပွဲအဖြစ် ဥာဏ်လင်းအောင်(မြိုင်ကလေး ဘိလပ်မြေစက်ရုံ) နှင့် ထိုင်းနိုင်ငံ သားမွေ ထိုင်းလက်ဝှေ့ ကျော် တစ်ဦးတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အမျိုးသမီးနှစ်နိုင်ငံ စိန်ခေါ်ပွဲအနေဖြင့် ဂျပန်နိုင်ပြန် ရွှေစင်မင်း(မြွေဟောက်မင်း)နှင့် ထိုင်းနိုင်ငံသူ မွေထိုင်း လက်ဝှေ့မယ် တစ်ဦးတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကာ အမျိုးသား နှစ်နိုင်ငံ စိန်ခေါ်ပွဲများကို ငါးချီပွဲဖြင့် ယှဉ်ပြိုင် ထိုးသတ် မည်ဖြစ်ပြီး အမျိုးသမီးနှစ်နိုင်ငံ စိန်ခေါ်ပွဲကို သုံးချီပွဲဖြင့် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ”ဒီပွဲမှာ မြန်မာ-ထိုင်း အမျိုးသမီးရိုးရာလက်ဝှေ့စိန်ခေါ်ပွဲက ပထမဦးဆုံး အကြိမ်အနေနဲ့ တောင်ငူမြို့မှာ စိန်ခေါ်တဲ့ ပွဲဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင် ထိုးသတ်မယ့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော်တွေက လူငယ်တွေဖြစ်ပြီး ရိုးရာလက်ဝှေ့ ပညာပိုင်းမှာပါ ကျွမ်းကျင်တဲ့လက် ဝှေ့သမားတွေဖြစ်တာကြောင့် ပရိသတ်တွေအကြိုက်တွေ့မယ့် စိန်ခေါ်ပွဲကြီး တစ်ပွဲ ဖြစ်မှာပါ”ဟု ကိုအောင်နိုင်မိုးက ပြောသည်။
ယင်းပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် ထိုးသတ်သော မျိုးဆက်သစ် ရိုးရာ လက်ဝှေ့သမားများသည် ပွဲစဉ်များ အနေဖြင့် လေးချီ၊ သုံးချီပါဝင် ထိုးသတ် သွားမည်ဖြစ်ကြောင်း သိရသည်။
(Myawaddy sports)