NCA ၂ နှစ်ပြည့်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ မိန့်ခွန်း ပြောမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘာတူ စာချုပ်(NCA) ၂ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ မိန့်ခွန်းပြော မည်ဖြစ်သည်။

‘‘မနှစ်ကဆိုရင် နေ့ဝက်ပဲကျင်းပတော့ ခေါင်းဆောင်သုံးဦး မိန့်ခွန်းနဲ့ပဲ အခမ်းအနားပြီးသွားတယ်။ ဒီနှစ်ကတော့ အဓိပ္ပာယ်နည်းနည်းပြည့်ဝအောင် ခေါင်းဆောင်သုံးဦးမိန့်ခွန်းအပြင် အခြားလုပ်ငန်းတိုးတက်မှု အစီရင်ခံစာ သဘောမျိုး ဌာနအလိုက် ထည့်သွင်းဖို့အဲဒါလည်း နှစ်ဖက်သဘောတူကြပါတယ်’’ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်ဦးဆောင်သည့် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ဗိုလ်မှူးကြီးခွန် ဥက္ကာဦးဆောင်သည့် NCA လက် မှတ်ထိုးရှစ်ဖွဲ့မှ ကိုယ်စားလှယ် များသည် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ NCA ၂ နှစ်ပြည့်အခမ်းအနား ကျင်းပရေးအစီအစဉ်အပါအဝင် အခမ်းအနားသို့ ဖိတ်ကြားမည့်လူ စာရင်းကို တွေ့ ဆုံညှိနှိုင်းခဲ့သည်။

ယခု NCA  ၂ နှစ်ပြည့်အခမ်း အနားသို့ NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၉၀ ဦးတက်ရောက်မည်ဖြစ်သည်။  အခမ်းအနားသို့ ကုလသမဂ္ဂ နိုင်ငံရေး ဌာနမှ အတွင်းရေးမှူးအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးအသီးသီးမှ ကိုယ်စားလှယ် များနှင့် NCA စာချုပ်တွင် သက်သေအဖြစ် ပါဝင်လက်မှတ်ထိုးထားသူအားလုံးကို ဖိတ်ကြား မည်ဖြစ်သည်။

အခမ်းအနားနေ့တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ များနှင့် သံတမန်များအပါအဝင် စုစုပေါင်းလေးရာခန့် တက်ရောက်နိုင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

7day daily